DVB Logo
Home
မြန်မာသတင်း
ငဖဲတွင် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ခန့်သေ၊ ချောင်းဦးက ပျူရွာ ဗုံးကြဲခံရ
DVB
·
June 23, 2024
ငဖဲတွင် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ခန့်သေ၊ ချောင်းဦးက ပျူရွာ ဗုံးကြဲခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံရလို့ စစ်သား အယောက် ၂၀ လောက် သေဆုံးပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာတော့ ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဇွန် ၂၁ ရက် မနက် ၅ နာရီခွဲလောက်မှာ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကပစ ၁၄ ရဲ့ ကျောင်းကုန်းရွာဟောင်းဂိတ် ကင်းစခန်းကို စစ်ကောင်စီတပ်ရဲ့ ကပစ ၁၄ ဂိတ်ကင်းစခန်းကို မကွေးတိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ Chin Defense Force-Asho( CDF-အရှို) က ဇွန် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

CDF (Asho) ရဲ့ တာဝန်ခံတယောက်က “အစကတော့ ကပစ ၁၄ က ဂိတ်ကင်းစခန်းကို အပြီးသိမ်းနိုင်ဖို့ တိုက်ခဲ့ကြတာပါ။ နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ၂ နာရီနီးပါးဖြစ်သွားတော့ ခန့်မှန်းထားတာထက် ပိုကြာသွားတယ်။ သူတို့ဘက်က ၂၀ နီးပါးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ သိထားရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ လက်နက်ကြီးတွေပါပစ်ကူပေးခဲ့တာကြောင့် စခန်းသိမ်းနိုင်တဲ့အဆင့်အထိ မရောက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂၀ လောက် သေဆုံးတာကိုတော့ တပ်တွင်းဖရဲသီးတွေရဲ့ ပြောပြချက်နဲ့ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးသူ အရေအတွက်ကို ကပစ ၁၄ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိထားရတယ်၊ တိုက်ပွဲဖြစ်ပြီးတော့ ကျနော်တို့ ပြန်ဆုတ်ပြီး ၁ နာရီလောက်ကြာတော့ ကပစ ၁၄ ကနေ လူနာတင်ကားရော စစ်ကားရောနဲ့ လာသယ်တယ်။ လူနာတင်ကား ၂ စီးနဲ့ ၂ ခါလောက် ကျော့ပြီး လာသယ်တယ်။ ကျောင်းကုန်းရွာဟောင်း ဂိတ်ကင်းစခန်းမှာက အင်အား ၃၀ ကျော်ရှိတယ်” လို့ ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chin Defence Force (Asho) နဲ့ ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မတော်စစ်ကြောင်း (APDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(APDF) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဂိတ်စခန်းကနေ စကားပြောစက်ပဲ သိမ်းနိုင်ခဲ့တယ်။ သူတို့ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ ပါလာလို့ ကျနော်တို့တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ ပြည်သူလူထုကြီးအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို မိမိတို့နဲ့နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို သတင်းပို့ပြီးတော့ တော်လှန်ရေးကြီး အမြန်ဆုံးပြီးအောင် ကူညီကြပါဖို့ ထပ်ဆောင်းမေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတာကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်ကနေ သိရပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း ကံကြီးကုန်းပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဇွန် ၂၂ ရက်နေ့ ည‌နေပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကံကြီးကုန်းရွာအနီးဝန်းကျင်မှာနေတဲ့ ပြည်သူတွေက ပြောပါတယ်။

ဗုံးသီးချခံရပြီး ကံကြီးကုန်းပျူရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ရဲ့ Drone တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အဖွဲ့ရဲ့ တပ်ရင်းမှူး စွမ်းသူ့မောင်က “ကျနော်တို့ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာကို  Fixedwing Drone များနဲ့ ၅ ကြိမ်တိတိ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ဘက်ကတိုက်ခိုက်လို့ စစ်ကောင်စီနဲ့ ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးနဲ့ ၃ လုံး ပြန်ပစ်ခတ်တယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး။ စစ်တပ်နဲ့ ပျူစောထီးတွေကတော့ အထိအခိုက် ရှိနိုင်လောက်တယ်ဗျ။ သတင်းအတိကျရဖို့ စုံစမ်းနေဆဲပါပဲ” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူရွာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အကျအဆုံး များတာကြောင့် လေကြောင်းကနေ ပစ်ကူပေးခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013