DVB Logo
Home
မြန်မာသတင်း
ဈေးနှုန်းသက်သာစွာ ဆန်ချရောင်းမည့်အစီအစဥ်ကို ဆန်စပါးအသင်းချုပ် ထုတ်ပြန်
DVB
·
June 23, 2024
ဈေးနှုန်းသက်သာစွာ ဆန်ချရောင်းမည့်အစီအစဥ်ကို ဆန်စပါးအသင်းချုပ် ထုတ်ပြန်
Donate to DVB

စစ်ကောင်စီက ဆန်ကုန်သည်တွေကို ခေါ်ယူစစ်ဆေးပြီးတဲ့နောက် သက်သာတဲ့ဈေးနဲ့ ဆန်ချရောင်းမယ့် အစီအစဥ်ကို ဆန်စပါးအသင်းချုပ်က ညတွင်းချင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ အပါအဝင် ဆန်စပါးလုပ်ငန်း လုပ်ကိုင်တဲ့ ထိပ်တန်း လုပ်ငန်းရှင်တွေ၊ ဧရာဝတီအခြေစိုက် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတချို့နဲ့ ရန်ကုန်ဆန်စပါး ကုန်စည်ဒိုင်တွေက ဆန်ပွဲစားတွေကိုပါ စစ်ကောင်စီက ခေါ်ယူမေးမြန်းစစ်ဆေးခဲ့တာပါ။

အဲဒီနောက် မနေ့ ဇွန် ၂၂ ရက် ည ၁၀ နာရီမှာပဲ စားသုံးသူ အိမ်ထောင်စုတွေအတွက် တလစာ ဆန်ချောနဲ့ ဆန်ကြမ်း တအိတ်စီကို ဆန်ကုန်သည်အသင်းက ထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းထက် အနည်းငယ်နှိမ့်ပြီး သက်သာတဲ့ဈေးနဲ့ ဆန်ရောင်းချပေးမယ့်အစီအစဥ်ကို ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တာဖြစ်ပါတယ်။ 

ဒီအစီအစဥ်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း အပါအဝင် ဧရာဝတီ ပေါ်ဆန်းနဲ့ ဆန်ကွဲ ၁၅ ရာခိုင်နှုန်းပါဝင်တဲ့ ဧည့်မထဆန်တွေကိုလည်း တတင်းခွဲ တအိတ်ကို အနည်းဆုံး ကျပ် ၇၂၀၀၀ ကနေ အများဆုံး ကျပ် ၁၄၅,၀၀၀ အထိ သတ်မှတ်ထားပြီး မနက်ဖြန် ဇွန် ၂၄ ရက်ကစ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းပြပြီး လာရောက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဆန်ဈေးနှုန်းတွေ တက်လာလေ့ရှိတဲ့အခါမှာ ဆန်စပါးအသင်းချုပ်က ရန်ကုန် အခြေစိုက် ဝါးတန်းနဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွေမှာ အထူးနှုန်းနဲ့ ဆန်ရောင်းချတာတွေ၊ ရန်ကုန်မြို့တွင်းရှိ မြို့နယ်တွေကို ဆန်၊ ဆီ၊ ကြက်ဥ စတာတွေကို နေ့အလိုက် ကားနဲ့ လှည့်လည်ရောင်းချတာတွေ ရှိခဲ့ပါတယ်။ အခုလိုသက်သာတဲ့ ဈေးနဲ့ ဆန်ရောင်းချပေးတဲ့ အစီအစဥ်မှာလည်း ရန်ကုန်မြို့ အခြေစိုက် ဝါးတန်းနဲ့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွေမှာပဲ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

ဆန်စပါးအသင်းချုပ်ရဲ့ လျှော့ဈေးနဲ့ ဆန်ရောင်းချတဲ့အစီအစဥ်က နေရာအကန့်အသတ် ရှိတဲ့အပြင် ဆန်ကို ပြည်လိုက်ဝယ်မစားနိုင်ပဲ နို့ဆီခွက်ချင်နဲ့ ဝယ်စားနေရပြီး ဆန်ဈေးကြီး မြင့်တဲ့ ဒဏ်ကို ခံစားရတဲ့ ရန်ကုန်မြို့ အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က ပြည်သူအများစုအတွက် လက်လှမ်းမှီတဲ့ အစီအစဥ်တခုတော့ ဖြစ်မလာသေးပါဘူး။ 

နှစ်စဥ် ဆန်တန်ချိန် ၁၃ သန်းလောက်ထွက်ရှိတဲ့မြန်မာနိုင်ငံမှာ ပြည်တွင်း လည်ပတ်နေတဲ့ ဆန်စပါး ပမာဏကို သိရှိပြီး ဆန်စပါးဈေးတည်ငြိမ်ဖို့၊ ပြည်တွင်းဝမ်းစာဖူလုံဖို့၊ ပြည်ပတင်ပို့ဖို့နဲ့ ဆန်ဈေးကစားလိုတဲ့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတဲ့လုပ်ငန်းရှင်တွေကို သိရှိဖို့အတွက် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဆောင် ရွက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် မြန်မာတပြည်လုံးက ဆန်စပါးသိုလှောင်ရုံ ၆၀၀ ကျော်က စာရင်းဇယားတွေပေးပို့လာပြီး ကျန်ရှိနေတဲ့ သိုလှောင်ရုံတွေရဲ့ စာရင်းဇယားတွေ ပေးပို့လာဖို့ကိုလည်း အမိန့်ကြော်ငြာစာ ထုတ်သွားမယ်လို့ သိရပါတယ်။ 

လတ်တလော ဆန်စပါးဈေးတည်ငြိမ်အောင် ဒီလိုလုပ်ငန်းတွေဆောင်ရွက်နေပေမဲ့ နိုင်ငံလုံး အတိုင်းအတာအရ ဆန်စပါးဈေးတွေ တည်ငြိမ်ဖို့၊ ဈေးကစားပြီး အကျိုးအမြတ် ရှာဖွေနေတဲ့ ဆန်စပါးလုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်တာမရှိသေးဘဲ ဆန်ဈေးကြီးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ရန်ကုန်အခြေစိုက် ဆန်ကုန်စည်ဒိုင်နှစ်ခုမှာပဲ သက်သာတဲ့ဈေးနဲ့ ဆန်အကန့်အသတ် ရောင်းချပေးတဲ့ အစီအစဥ်ကိုပဲ စစ်ကောင်စီက ဦးဆောင်မှုနဲ့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013