
၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကျရောက်မယ်လို့ မျှော်လင့်ထားတဲ့ အယ်လ်နီညို ရာသီဥတုပုံစံဟာ မှတ်တမ်းတွေကို စံချိန်ချိုးနိုင်တယ်လို့ ဘရာဇီး သိပ္ပံပညာရှင်တယောက်က သတိပေးခဲ့ပြီး ဘရာဇီးတောင်ပိုင်းမှာ မိုးသည်းမဲ့ အခြေအနေအတွက် ပြင်ဆင်ထားကြဖို့ တောင်းဆိုခဲ့ပါတယ်။
ရီယို ဂရန်ဒီဒိုဆူးလ်နဲ့ ဆန်တာ ကာတာရီနာ ဒေသတွေမှာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှု အမြင့်ဆုံးဖြစ်နိုင်လို့ အထူးသဖြင့် ထိခိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်နဲ့ မိုးလေဝသပညာရှင် ကားလို့စ် နိုဘရေက ပြောပါတယ်။
ဧပြီလနှောင်းပိုင်းမှာ စခဲ့တဲ့ မိုးဟာ တာကွာရီမြစ် အပါအဝင် မြစ်အတော်များများရဲ့ ရေမျက်နှာပြင်နဲ့ ရီယို ဂရန်ဒီ ဒိုဆူးလ်မြို့က ရေကန်တွေကို စံချိန်တင် မြင့်မားစေခဲ့တာပါ။
အမေရိကဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ အစီရင်ခံစာအရ လူ အယောက် ၁၈၀ ထက်မနည်း သေဆုံးပြီး လူ ၅၈၁,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ၂၀၂၄ ခုနှစ် ရာသီဥတုဖြစ်ရပ်က ဒီသတိပေးချက်ကို နှိုးဆွပေးပါတယ်။
တချို့ဒေသတွေမှာ မိုးရေချိန်က တရက်တည်းမှာ ၃၀၀ မီလီမီတာအထိ ရောက်ခဲ့တယ်လို့ တူညီတဲ့ ရင်းမြစ်က ဆိုပါတယ်။
ကမ္ဘာ့အပူချိန်ကို မြင့်တက်စေပြီး လာမဲ့လတွေအတွင်း ပြင်းထန်တဲ့ ရာသီဥတုအန္တရာယ်ကို တိုးမြင့်စေနိုင်မဲ့ ပြင်းထန်တဲ့ အယ်လ်နီညိုမုန်တိုင်းတခု ဖြစ်လာမယ်လို့ ကုလသမဂ္ဂ ရာသီဥတု အေဂျင်စီက ဇွန် ၂ ရက်မှာ ခန့်မှန်းချက် ထုတ်ပြန်အပြီး ဘရာဇီးတောင်ပိုင်းမှာ အနာဂတ် ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကို ကာကွယ်ဖို့ တောင်းဆိုချက် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
Source: Reuters










