Home
မြန်မာသတင်း
စစ်တပ်သတ်ဖြစ်မှုကြောင့် ပျံလွန် သံဃာ အပါး ၅၀ ကျော်ရှိလာ၊ စစ်ကောင်စီကို သံဃာထု သပိတ်မှောက်ရန် တိုက်တွန်း 
DVB
·
June 21, 2024

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် နိုင်ငံတဝန်း  စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်အရေအတွက်ဟာ  ၅၂ ပါးရှိသွားပြီဖြစ်ပြီး သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံထိုက်တဲ့ပစ်မှုဖြစ်လို့ သံဃာထုတရပ်လုံးက စစ်ကောင်စီကိုသပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ဇွန် ၁၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့တာပါ။

ဇွန် ၁၉ ရက်ညပိုင်း စစ်ကောင်စီက PDF တွေပစ်ခတ်လို့ ဆရာတော်ပျံလွန်ခဲ့တာလို့ လိမ်လည်ကြေညာခဲ့ပေမယ့် ၂၀ ရက်နေ့မှာ မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ပျံလွန်တော်မူတာလို့ မိန့်ကြားခဲ့ပါတယ်။ သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပစ်မှုဖြစ်ပြီး သံဃာထုတရပ်လုံးက စစ်ကောင်စီကို သပိတ်မှောက်တော်လှန်ကြဖို့လိုပြီလို့ ဆရာတော်ရဲ့ စာသင်သားဖြစ်ခဲ့သူ ဆရာတော်မင်းသုညက မိန့်ပါတယ်။

ဗုဒ္ဓတက္ကသိုလ် ဆရာတော်မင်းသုညက "ခရိယာန် ဘုရားကျောင်းတွေ၊ အစ္စလာမ် ဗလီကျောင်းတွေ၊ ဟိန္ဒူဘုရားရှစ်ခိုးကျောင်းတွေ အားလုံးလည်းဖျက်ဆီးတယ်၊ မီးရှို့တယ် လေယာဉ်နဲ့ဗုံးကြဲတယ်၊ ဦးပဥ္စင်းတို့ဘုန်းကြီးကျောင်းတွေဆိုလည်း ၁၀၀ ကျော်သွားပါပြီ။ ဘုန်ကြီးတွေဆိုရင်လည်း ဆရာတော်ကြီးအပါအဝင်ဆိုရင် ၅၂ ပါးရှိနေပြီ၊ သူတို့လေယာဉ်နဲ့ဗုံးကြဲလို့ ပျံလွန်တော်မူတာ အစရှိသဖြင့်ပေါ့။ ဒီလိုတွေ အသတ်ခံနေကြရတာပေါ့။ အားလုံး ဒီနေ့ ရဟန်းသံဃာ ၃ သိန်းကျော်ရှိတယ်၊ သီလရှင် ၆ သောင်းကျော်ရှိတယ်။ ဒါတွေကို သိသိကြီးနဲ့ အညံ့ခံပြီးတော့ မတွန်းလှန်ဘဲနေကြမယ်ဆိုရင် ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေ ဆရာတော်ကြီးတွေ သူတို့ပါးစပ်က ကိုးကွယ်ပါတယ်လို့ပြောနေတဲ့ ဆရာတော်ကြီးတွေတောင် သတ်ရဲဖြတ်ရဲတယ်ဆိုရင် ကျန်တာတော့ ဘာမှမလုပ်ရဲစရာမရှိပါဘူး။ သူတို့က အကုန်လုံးကိုသတ်မယ်ဖြတ်မယ် ဒီစစ်အာဏာရှင်လက်အောက်က လွတ်မြောက်မှသာလျှင် အခုကြုံတွေ့နေရတဲ့ဒုက္ခတွေကနေ အမြန်ဆုံးလွတ်မြောက်မှာဖြစ်ပါတယ်။ တော်လှန်ခြင်းမှတပါး တခြားနည်းလမ်းမရှိပါဘူး"လို့ မိန့်ပါတယ်။

အညာဒေသမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးနဲ့ မြေပြင်စစ်ကြောင်းထိုးရာမှာ ဘုန်းတော်ကြီးတွေပါမချန် ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ရုံသာမက ဘုန်းကြီးကျောင်းဝင်းထဲမှာ အစုလိုက်အပုံလိုက်သတ်ဖြတ်မှုတွေကိုပါ စစ်ကောင်စီက ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်တိုင်းမှာလည်း ပစ်ခတ်သတ်ဖြတ်မှုတွေကို PDF တွေက ကျူးလွန်တာလို့ အပြစ်လွှဲချလေ့ရှိခဲ့တာပါ။

တန့်ဆည်မှ အရှင်တေဇာနန္ဒ က "ဦးပဥ္စင်းတို့ မြတ်စွာဘုရားက သံဃာကို ဆဲရေးတိုင်းထွာခြင်း သံဃာကို ညှဉ်းဆဲခြင်း၊ သံဃာကိုလာဘ်မရအောင်ပြုခြင်း၊ သံဃာကိုနေရာမရအောင်ပြုခြင်း သံဃာကိုသတ်ဖြတ်ခြင်းစတဲ့ သပိတ်မှောက်ကံတွေရှိတယ်။ ဒီဟာတွေကို ကျူးလွန်ခဲ့မယ်ဆိုလို့ရှိရင် ပတ္တနိက္ကုဇ္ဇနကံပြုရမယ်။ သူတို့ဆွမ်းကို မခံရဘူး၊ သူတို့အလှူကို မခံရဘူးဆိုတာရှိပါတယ်။ အဓိကကတော့ သူတို့နဲ့ပတ်သက်ပြီးတော့ လူမိုက်အားပေးမလုပ်ဖို့ ကျဉ်ဖယ်ရမယ်ဆိုတဲ့အနေအထားမျိုးရှိတဲ့အခါမှာ သပိတ်မှောက်ကံက လုံးဝထိုက်နေပြီ လက်ရှိအခြေအနေမှာတော့ သူတို့ဟာ ပစ္စုပ္ပန်ဒဏ်သင့်နေပါပြီ။ ဗုဒ္ဓဘာသာဝင်တွေတင်မကဘူး တခြားတခြားသောဘာသာဝင်တွေကပါ စက်ဆုပ်မှုတွေ ရွံရှာမှုတွေဖြစ်လာပြီဖြစ်တယ်။ ဒါကြောင့် မဘသများအနေနဲ့လည်း ဓမ္မဘက်ကို မားမားမတ်မတ်ရဲရဲရင့်ရင့် ရပ်တည်ပြီးတော့မှ တတိုင်းပြည်လုံးမှာရှိတဲ့ သံဃာအင်အားစုတွေအုံကြွပြီးတော့ ကန့်ကွက်မှုတွေ လုပ်သင့်တဲ့အချိန်ရောက်နေပြီ ဘယ်အချိန်အထိစောင့်ကြမှာလဲ"လို့ မိန့်ပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို သေနတ်နဲ့ပစ်ခတ်တဲ့ သူတွေကို စုံစမ်း အရေးယူဆောင်ရွက်သွားဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီတပ်က ဇွန် ၂၁ ရက် မနက်မှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်တဲ့  စိစစ်ဖော်ထုတ်မှုတွေ ဆောင်ရွက်နေပြီး ဖြစ်စဉ်မှန် သိရှိရပါက လိုအပ်တဲ့ အရေးယူမှုတွေလုပ်မယ်လို့လည်းဆိုပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးကို ပစ်ခတ်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ အမိန့်ပေးသူ ပစ်ခတ်သူအားလုံးကို တချိန်ကြရင် အပြစ်ပေးနိုင်ဖို့ မှတ်တမ်းယူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က DVB ကို ပြောပါတယ်။

"ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ် ထောင်ချတာတွေ ရပ်တန်းက ရပ်ဖို့အတွက်တောင်းဆိုတယ်။ နိုင်ငံတကာက သိအောင်လုပ်နေတယ်။ အခုဆိုရင် ဒီပစ်ခတ်မှုကို ကျူးလွန်တဲ့ သူတို့ရဲ့စစ်သားပဲ ခေါ်ခေါ် ရဲပဲ ခေါ်ခေါ်  ဘာပဲခေါ်ခေါ် အဲ့ဒီလူတွေကို ကျနော်တို့တွေ မှတ်တမ်းတွေယူနေတယ်။ ဘယ်သူအမိန့်ပေးတယ်၊ ဘယ်သူကျူးလွန်တယ်ဆိုတဲ့ဟာတွေ တချိန်ကြရင် ကျူးလွန်တဲ့သူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်နေတယ် မှတ်တမ်းတွေယူနေတယ်။”

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အပြစ်ကို ဝန်ခံတောင်းပန်ဖို့ စစ်ခေါင်းဆောင်ကိုးကွယ်နေတဲ့ သီတဂူဆရာတော်ရဲ့တပည့် ဒေါက်တာ ကောဝိဒသိရီ (သီတဂူစတား)က လူမှုကွန်ရက်ကနေတဆင့်  တောင်းဆိုထားတာ ကိုတွေ့ရပါတယ်။

Learn and Share - လေ့လာဝေမျှသူ ဦးကိုကိုလေးက "စစ်ကောင်စီနဲ့ ပုလဲနံပသင့်နေတဲ့ ဆရာတော်ကြီးများကို လျှောက်ထားချင်ပါတယ်။ အရှင်ဘုရားတို့ ဗုဒ္ဓဟောထားတဲ့ တရားတွေကိုဟောမှာလား စစ်အာဏာရှင်စိတ်တိုင်းကျတရားတွေကို ဆက်ဟောမှာလား။ မဟနဆရာတော်ကြီး အပစ်ခံခဲ့ရတာ မအလနားမှာဝဲနေတဲ့ဆရာတော်တွေ အမှန်တရားကို ဟောကြားပေးပါ။ မှန်ကန်တဲ့တရားဓမ္မတွေကို ဘုရားဟောကြားထားတဲ့အတိုင်း ဟောကြားပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသ ရေးသားပြုစုခဲ့တဲ့ ကျန်းဂန်စာပေတွေဟာ မြန်မာနိုင်ငံတွင်း သိန်းနဲ့ချီတဲ့ စာသင်သံဃာတွေ မှီငြမ်းလေ့လာခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက် အအုံ ၁၈၇ ခုအထိ ပျက်စီးခဲ့တာပါ။

အဲ့ဒီထဲက အများစုဟာ စစ်ကိုင်း၊ မကွေး၊ ချင်းဒေမှာ အဆိုးရွားဆုံးတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဘာသာရေးအဆောက်အအုံပေါင်း ၇၁ ခုအထိ ပျက်စီးခဲ့ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024