DVB Logo
Home
မြန်မာသတင်း
ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများကို စုံစမ်းအရေးယူမည်ဟုဆို 
DVB
·
June 21, 2024
ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများကို စုံစမ်းအရေးယူမည်ဟုဆို 
Donate to DVB

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးအား သေနတ်နဲ့ပစ်ခတ်တဲ့ သူတွေကို စုံစမ်း အရေးယူဆောင်ရွက်သွားဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီတပ်က ဇွန် ၂၁ ရက် မနက်မှာ ထပ်မံ ထုတ်ပြန်လာပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တာဟာ FAW ကားပေါ်ကနေ စစ်ဗိုလ် စစ်သားတွေ သေနတ်နဲ့ ဝိုင်းပစ်လို့ ဖြစ်တယ်လို့ အပစ်ခံရတဲ့ ကားပေါ်မှာလိုက်ပါလာတဲ့ပြီး ဒဏ်ရာရခဲ့တဲ့  မျက်မြင်သက်သေ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘန္ဒန္တဂုဏိကာဘိဝံသက ဇွန် ၂၀ ရက်က ဆရာတော်သံဃာတော်တွေကို အမှန်အတိုင်း ရှင်းလင်းမိန့်ကြားခဲ့ပြီးနောက် ဒီကိစ္စက စုံစမ်းမယ်လို့ စစ်ကောင်စီက တမျိုးပြောင်းပြီး ပြောလာတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ကတော့ မြန်မာရုပ်မြင်သံကြား (MRTV)၊ မြဝတီ၊  ဝါဒဖြန့်ရုပ်သံတွေကတဆင့်  PDF တွေ ပစ်ခတ်ခဲ့တာလို့ စွပ်စွဲကြေညာခဲ့သလို နေ့စဉ်သတင်းစာနဲ့ အွန်လိုင်းတွေမှာလည်း ဝါဒဖြန့် သတင်းတွေ ကားမောင်းသမားရဲ့  ပြောကြားချက်တွေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ကနဦးလုံခြုံရေးအဖွဲ့အဆင့်ဆင့်ကနေ သတင်းပို့တင်ပြလာတဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် ဖြစ်စဥ်အမှန်ကို ပြန်လည်စုံစမ်းကာ အရေးယူဆောင် ရွက်သွားမယ်လို့  စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဒီနေ့မနက်မှာ ပြောင်းလဲပြီး သတင်းထပ်မံ ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်တဲ့  စိစစ်ဖော်ထုတ်မှုတွေ ဆောင်ရွက်နေပြီး ဖြစ်စဉ်မှန် သိရှိရပါက လိုအပ်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ လည်း ပါရှိပါတယ်။

ဆရာတော်၊ သံဃာတော်တွေအများစုဟာ ဇူလိုင် ၁ ရက်မှာ ကျင်းပမယ့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမအစည်းအဝေးမှာ  ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ပစ်သတ်ခံရတဲ့ ကိစ္စ  တင်ပြဆွေးနွေးဖို့ တိုင်ပင်ထားတယ်လို့ ဆရာတော်တပါးက မိန့်ပါတယ်။

"ရန်ကုန်မှာ သံဃာတော်တွေစုံပြီး ဆရာတော်ကြီးကိစ္စ သံဃမဟာနာယကကို တင်ပြမယ်။ ဆရာတော်ကြီးတွေဆီက သြဝါဒခံယူမယ်။ အပြစ်ရှိသူကို အမှန်တိုင်းဝန်ခံပြီး အဖမ်းပေးရအောင် လုပ်မှရမှာ" လို့ မိန့်ပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ၂ ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး  ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအကြိုညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်မြို့မှ လေယာဉ်နဲ့ တံတားဦးလေဆိပ်သို့ ကြွရောက်လာရာ ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်စဥ် ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူတွေအပေါ်  ပစ်ခတ်သတ်ဖြတ်မှုတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ပေမဲ့ တကြိမ်တခါမှ ဝန်ခံခြင်းမရှိခဲ့သလို ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူတာတွေလည်း မရှိခဲ့ပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013