DVB Logo
Home
မြန်မာသတင်း
အမေရိကန်ထိန်းချုပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးရန် တိုက်တွန်း 
DVB
·
June 20, 2024
အမေရိကန်ထိန်းချုပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးရန် တိုက်တွန်း 
Donate to DVB

စစ်အာဏာသိမ်းလိုက်ပြီးနောက် အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေဒေါ်လာ ၁ ဘီလီယံကို ပြန်လည်ပေးအပ်ဖို့  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်း လိုက်ပါတယ်။

အမေရိကန်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေ လျင်မြန်စွာ ရုတ်ခြည်းပြောင်းလဲ ဖြစ်ပေါ်နေမှုတွေအပေါ် တုံ့ပြန်ဖို့ လိုအပ်ပြီး ခုခံတော်လှန်ရေးအင်အားစုတွေအတွက် ပစ္စည်းပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာထောက်ပံ့မှုတွေ ပံ့ပိုးပေးဖို့၊ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ မြင့်မားလာနေမှုကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့  ဇွန် ၁၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် US Federal Reserve ကနေ ထိန်းချုပ်ထားလိုက်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်၊ ဒါမှမဟုတ် အနည်းဆုံးအားဖြင့်  အဲဒီအချိန်ကစပြီးတော့ ထွက်ပေါ်လာတဲ့ များပြားလှတဲ့ အတိုးငွေတွေကို ပြန်လည်ပေးအပ်ဖို့နဲ့ ဒီငွေတွေဟာ ခုခံတော်လှန်ရေးအာဏာပိုင်တွေအတွက် ပြည်သူတွေရဲ့ ကြီးမားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့နဲ့ ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး စွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှုပေးစွမ်းရေးကို အလွန်အမင်း တိုးတက်အောင် မြှင့်တင်ပေးနိုင်မယ့် အသက်ကယ်ကြိုး တစအဖြစ် ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။

SAC-M အဖွဲ့တည်ထောင်သူ မစ္စယန်ဟီးလီအပါအဝင် SAC-M အဖွဲ့ဝင်တွေဟာ အခုလအတွင်း အမေရိကန်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံချိန်ဟာ ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ ကို ချမှတ်ခဲ့တဲ့ ၃ နှစ်မြောက်အထိမ်းအမှတ်နဲ့ လည်း တိုက်ဆိုင်နေ ပါတယ်။ 

အဲဒီအချိန်ကစပြီးတော့ မြန်မာစစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် စဥ်ဆက်မပြတ် တိုက်ခိုက် မှုကြောင့် အရင်ကမကြုံခဲ့ဖူးတဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့  လူ့အခွင့်အရေးဆိုင်ရာ ဘေးအန္တရာယ် ပျက်ကိန်း ကြီးမားစွာ ဖြစ်ပေါ်လာခဲ့ကာ အခုအချိန်ထိတိုင် ဖြစ်ပေါ်နေတဲ့အခြေအနေကို ဖြေရှင်းကိုင်တွယ်ခြင်း မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။

ဒါကြောင့်မို့ SAC-M အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်အသစ်တရပ်ကို ထုတ်ပြန်ချမှတ်ဖို့ တိုက်တွန်းလိုက်ပြီး  အဲဒီထဲမှာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ (EROs) နဲ့ ကျယ်ပြန့်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အထွေထွေညီလာခံဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး မြန်မာပြည်သူတွေဆီ တိုက်ရိုက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးဝေဖို့ တောင်းဆိုသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီထဲမှာတော့  နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကတဆင့် ပံ့ပိုးပေးတဲ့ အကူအညီတွေ ပါ၀င်ပြီး NUG၊ အစိုးရအပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်သင့်တဲ့အပြင် အထွေထွေညီလာခံအနေနဲ့ အဖွဲ့၀င်နိုင်ငံအားလုံးကို မြန်မာစစ်အုပ်စုဆီ လက်နက်တွေ၊ လက်နက်ပစ္စည်းတွေ၊ စစ်ရေးပစ္စည်းတွေနဲ့ နှစ်မျိုးသုံး ပစ္စည်းတွေ အားလုံးအပြင် ဂျက်လေယာဉ်လောင်စာ လွှဲပြောင်းပေးတာကိုလည်း ချက်ချင်းရပ်တန်းကရပ်ဖို့ တိုက်တွန်းရမယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာတော့ မတရားစစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာပါ။

NUG အစိုးရကတော့ အမေရိကန်ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံပိုင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ဒီဂျစ်တယ်ငွေကြေးနဲ့ ဗဟိုဘဏ်အသစ်ဖွဲ့စည်း တည်ထောင်ရေးတို့အတွက် အာမခံငွေအဖြစ် အသုံးပြုခွင့်ရဖို့ အမေရိကန်အစိုးရကို တစိုက်မတ်မတ် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013