
ယူကရိန်းနိုင်ငံအပေါ် ရုရှားတိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်ရှိ သမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းကြီး မီးလောင်ခဲ့ပြီး လူ ၉ ယောက် သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဇွန် ၁၅ ရက်မှာ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
ကိယက်ဗ်မြို့ တိုက်ခိုက်ခံရမှုမှာ လူ ၄ ယောက် သေဆုံးခဲ့ပြီး ခါကိဗ်မြို့မှာတော့ မီးငြှိမ်းသတ်နေတဲ့ ကယ်ဆယ်ရေးလုပ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၁ ရာစုက တည်ဆောက်ခဲ့တဲ့ ဒေါ်မစ်ရှင် ဘုရားကျောင်းကြီးဟာ ဒီတိုက်ခိုက်ခံရမှုကြောင့် သိသိသာသာ ပျက်စီးသွားပါတယ်။
ယူကရိန်းဝန်ကြီးချုပ် ယူလီယာဆဗီရီဒန်ကိုက "ဒါဟာ ကျမတို့ ပြည်သူတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ရက်ရက်စက်စက် တိုက်ခိုက်မှုပါ" လို့ ပြောပါတယ်။
ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့တော်က လူပေါင်း ၁၄၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့ မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက ဆိုပါတယ်။
ဒီလိုနိုင်ငံတော်အဆင့် ရိုင်းစိုင်းရက်စက်မှုအတွက် ချက်ချင်းတုံ့ပြန်ဖို့ ယူနက်စကိုနဲ့ နိုင်ငံတကာ ယန္တရားတွေကနေတဆင့် အရေးဆိုသွားမယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆီဘီဟာက X လူမှုကွန်ရက်မှာ ရေးသားပါတယ်။
အလားတူ မော်စကိုမြို့တောင်ဘက် ရုရှားနိုင်ငံ တူလာမြို့ကို ယူကရိန်းဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တနှစ်အရွယ် ကလေးငယ်အပါအဝင် လူ ၃ ယောက် ဒဏ်ရာရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးမဲ့ ပြင်သစ်နိုင်ငံ G7 အစည်းအဝေး မတိုင်ခင်လေးမှာ ဖြစ်ပွားခဲ့တာပါ။
ကာလရှည်ကြာနေပြီဖြစ်တဲ့ ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ဇွန် ၁၄ ရက်မှာ ပြော ပါတယ်။










