Home
နိုင်ငံတကာ
ရုရှားရေတပ်က ပစိဖိတ်သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်၊ သမ္မတ ပူတင် မြောက်ကိုရီးယား သွားမည်
DVB
·
June 18, 2024
Photo-Reuters

ရုရှားရေတပ်ရဲ့ ပစိဖိတ် ရေတပ်သင်္ဘောစုဟာ ဇွန် ၁၈ ရက်ကနေ ၂၈ ရက်အထိ ပစိဖိတ်သမုဒ္ဒရာ၊ ဂျပန်ပင်လယ်နဲ့ အော့ခ်ဟို့စ်ခ် ပင်လယ်တို့မှာ စစ်ရေးလေ့ကျင့်မယ်လို့ ရုရှားအစိုးရမီဒီယာ တက်စ် သတင်းဌာနက ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေငုပ်သင်္ဘောတစီး အပါအဝင် ရေတပ်သင်္ဘောတွေ ရုရှားအရှေ့စွန်းက ဗလာဒီဗိုစတော့ခ်မြို့ ဆိပ်ကမ်းကနေ ပင်လယ်ထဲကိုထွက်သွားတဲ့ ရုပ်သံကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ဖြန့်ချိခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေအတွင်း သင်္ဘောတွေ၊ လှေတွေနဲ့ ထောက်ပံ့ရေးရေယာဉ်တွေ အစီး ၄၀ လောက်၊ တာဝေးကို ပျံသန်းနိုင်ပြီး ရေငုပ်သင်္ဘောကို ဖျက်ဆီးနိုင်တဲ့ Tu-142M3, Il-38 နဲ့ Il-38N လေယာဉ်တွေ အပါအဝင် ရေတပ် လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောကို ဖျက်ဆီးနိုင်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ လုပ်နိုင်တဲ့ ရဟတ်ယာဉ်တွေ အစီး ၂၀ လောက် ပါတယ်လို့ ရေယာဉ်စုရဲ့ ပြန်ကြားရေးဌာနကို ကိုးကားပြီး တက်စ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့  မြောက်ကိုရီးယားကို နောက်ပိုင်းမှာ သွားမယ်လို့ မျှော်လင့်ထားတဲ့ ခရီးစဉ်မတိုင်ခင် ဇွန် ၁၈ ရက် မနက်ပိုင်းမှာ ရုရှားမြောက်ပိုင်းက ယိကွတ်ခ်စ်မြို့ဆီ ရောက်လာပါတယ်။

ပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ မြောက်ကိုရီးယားကို ၂ ရက်ကြာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘေလောဆာ့ဘ်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ်၊ သဘာဝအရင်းအမြစ်၊ ကျန်းမာရေးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးတွေအပြင် ရုရှား အာကာသအေဂျင်စီက အကြီးအကဲတွေ၊ ရထားလုပ်ငန်းတွေက အကြီးအကဲတွေအပြင် ပူတင်ကိုယ်တိုင် ခန့်အပ်တဲ့ စွမ်းအင်ဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်ဖြစ်သူ အလက်ဇန်းဒါး နိုဗက်ခ်တို့လည်း ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ထဲမှာ ၂ နိုင်ငံ ခေါင်းဆောင်တွေကြား တယောက်ချင်း ဆွေးနွေးမယ့် ကိစ္စတွေ၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုတာ၊ နိုင်ငံတော်အဆင့် ကြိုဆိုရေးနဲ့ ဖျော်ဖြေပွဲတွေ၊ မီဒီယာကို ကြေညာချက် ထုတ်ပြန်မယ့် အစီအစဉ်တွေလည်း ပါတယ်လို့ နိုင်ငံတော်အကြီးအကဲရဲ့ လက်ထောက် ယူရီ အူရှာကို့ဗ်က သတင်းထောက်တွေကို ပြောခဲ့တယ်လို့ ရုရှားရဲ့ အင်တာဖက်စ် သတင်းဌာနကလည်း ဖော်ပြပါတယ်။

မြောက်ကိုရီးယားကလည်း ပူတင်ရဲ့ခရီးစဉ် မတိုင်မီ မြို့တော် ပြုံယမ်းရဲ့ မြို့လယ်မှာ စစ်ရေးပြပွဲ ဖြစ်နိုင်ချေအတွက် ပြင်ဆင်နေတာကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ပြသနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024