DVB Logo
Home
မြန်မာသတင်း
မိုးကောင်းနှင့် တောင်ကြီးတွင် VPN ရှိသူများကို စစ်ကောင်စီ ငွေညှစ်
DVB
·
June 16, 2024
မိုးကောင်းနှင့် တောင်ကြီးတွင် VPN ရှိသူများကို စစ်ကောင်စီ ငွေညှစ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှာ စစ်ကောင်စီတပ်က ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးရင်း ဖုန်းအတွင်း VPN  ရှိနေသူတွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကောင်းမြို့၊ မိုးကောင်းတံတားနားမှာ စစ်ကောင်စီတပ်က မော်တော်ယာဉ်တွေနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ဇွန် ၁၄ ရက်နေ့ က စတင်ပြီး ဆိုင်ကယ်လိုင်စင်စစ်ဆေးသလို တယ်လီဖုန်းတွေကိုလည်း စစ်ဆေးပြီး VPN ထည့်သွင်းထားတာတွေ့ရှိရင် ကျပ်ငွေ ၂ သိန်း အထိ ဒဏ်ရိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “မိုးကောင်းတံတားမှာက အရင်ကတည်းက ဆိုင်ကယ်၊ ကား လိုင်စင် ပုံမှန်စစ်တယ်။ အခုက ဖုန်းပါ VPN စစ်တာ။ VPN ဆော့ဝဲ ဖုန်းထဲမှာ တွေ့ရင်ဖျက်ခိုင်းတယ်။ ဒဏ်ကြေး ၂ သိန်းလည်းပေးရတယ်။ အဖမ်းခံရမှာ စိုးရိမ်တော့လည်း ပိုက်ဆံပေးရတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မိုးကောင်းတံတားနားမှာ VPN စစ်ဆေး ဖမ်းဆီး ဒဏ်ရိုက်တာတွေ လုပ်နေသလို မိုးကောင်းမြို့အထွက် ၂ မိုင် ဂိတ်မှာလည်း ပြည်သူ့စစ်အဖွဲ့က ဒေသခံပြည်သူတွေကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးလုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ VPN စစ်ဆေးနေပြီး ဖမ်းဆီးငွေညှစ်တာတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ ဗိုလ်ချုပ်ပန်းခြံ၊ မြင်းရုပ်၊ မြို့မဈေးနဲ့ ချယ်ရီကွင်းလမ်းဆုံတို့မှာ ဇွန် ၁၃ ရက်နေ့ကစပြီး စစ်ဆေးတာတွေ လုပ်ဆောင်လာတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“မနေ့က မြို့မစျေးမှာစျေးသွားဝယ်ရင်း အဖမ်းခံရတာပါ။ သူငယ်ချင်း ၃ ယောက် ဆိုင်ကယ်နဲ့ဆိုတော့ တယောက်ကို ၅ သောင်းနဲ့ ၁ သိန်းခွဲ ဒဏ်ရိုက်ခံလိုက်ရတယ်။ ဖုန်းတွေကို ထုတ်ခိုင်းပြီးစစ်တာ VPN  တွေ့သွားလို့။ တချို့ဆိုရင် ဆိုင်ကယ်ပါသိမ်းခံရတယ်” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို နားလည်မှုသဘောနဲ့ ခွင့်ပြုထားပေမယ့် အဲဒီဆိုင်ကယ် စီးနင်းသူတွေရဲ့ လက်ကိုင်ဖုန်းတွေမှာ VPN တွေ့ရှိခဲ့ရင် ဆိုင်ကယ်ပါ သိမ်းယူတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့ဒေသခံတယောက်ဖြစ်တဲ့ Sai Kalaw TikTok အကောင့်ပိုင်ရှင်ကို ‘VPN သုံးရင် ထောင်ချမယ်’ ဆိုပြီးသူ့ရဲ့ Tiktok အကောင့်ပေါ်ရေးသားမှုကြောင့် ဝါဒဖြန့်တယ်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ဇွန် ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

VPN နဲ့ပတ်သက်လို့ လူထုအကြားမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပေမယ့် VPN အသုံးပြုရင် အရေးယူမယ်၊ မယူဘူး ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူးလို့ စစ်ကောင်စီ သတင်းတွေမှာ ဖော်ပြဝါဒဖြန့်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့မေ ၃၀ ရက်နေ့ကစပြီး VPN မှန်သမျှ ပိတ်ဆို့ဖို့ စီစဉ်ခဲ့ပေမယ့် အခကြေးငွေ​ပေးဆောင်ရတဲ့ VPN တွေကိုတော့ ပိတ်သိမ်းနိုင်တာမျိုး မရှိသေးတာကြောင့် မကြာမီကာလအတွင်း VPN အသုံးပြုသူတွေကို ထောင်ဒဏ် ၃ နှစ်အထိချမှတ်ဖို့ ဥပဒေရေးဆွဲနေကြောင်း မြန့်မာ့ဆက်သွယ်ရေးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013