DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံတချို့သေ၊ ကျွန်းလှကို လေကြောင်းက တိုက်ခိုက်
DVB
·
June 15, 2024
ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံတချို့သေ၊ ကျွန်းလှကို လေကြောင်းက တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ ဒေသခံတချို့သေဆုံးပြီး ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာကို စစ်ကောင်စီက ဒီနေ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြိုနယ်၊ အိမ်ခြေကျေးရွာအုပ်စု၊ ရွာကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ ဒေသခံတွေဆီကနေ သိရပါတယ်။

နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာကနေ လာရောက်ပစ်ခတ်တိုက်ခိုက်တာလို့ သိရပါတယ်။

ဒေသခံတယောက်က “ပစ်တာက ရော့ကက် ၃ လုံးပစ်တာ။ ပထမတစင်းက ၂ လုံး ပစ်တယ်။ နောက်တစင်းက တလုံးပစ်တာပေါ့။ ပစ်တဲ့ လေယာဉ် ၂ စင်းလုံးက  တံတားဦးကနေ တက်လာပြီး ပစ်သွားတယ်။ ကျတဲ့နေရာက စာသင်ကျောင်း ဘောလုံးကွင်းထဲ ၂ လုံးကျတယ်။ ကျန်တဲ့ တလုံးက စာသင်ကျာင်းအနီး ရေစင်ဘေး ကျတယ်ဗျ။ အပျက်အစီးကတော့ စာသင်တဲ့ အဆောက်ဦ အနည်းငယ် ပျက်စီးတာကလွဲလို လူအထိခိုက်မရှိဘူး” လို့ ပြောပါတယ်။

ဒါပေမဲ့ ရွာသားတချို့ကတော့ ထပ်မံလာရောက်ပစ်ခတ်ခံရမှာကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။

ကျွန်လှမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “မြေပြင်မှာကတော့ ဘာတိုက်ပွဲမှမရှိပါဘူး။ စစ်(-) တွေက ဘာစိတ်ကူး အရူးပေါက်ပြီး လာပစ်တာလဲတော့မသိဘူး။ လူထိခိုက်မှုမရှိတာကလည်း ရော့ကက်နဲ့ပစ်လို့ အထိခိုက်မရှိတာ။ ပေါင် ၅၀၀ နဲ့ဆိုရင်ကတော့ မတွေးဝံ့စရာပါပဲ။ နောက်ပြီး စာသင်ကျောင်းနဲ့ ပြည်သူတွေနေတဲ့ အိမ်နဲ့ကြားမှာက စစ်ကောင်စီ စခန်းစွန့်ထွက်ပြေးသွားတဲ့ ရဲစခန်းဝန်းကလည်း ခြားနေသေးလို့ သက်သာရာ ရသွားတာ” လို့ ပြောပါတယ်။

ရွာကုန်းကြီးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ် ၁၅ ရက် ညနေပိုင်းကလည်း အခုလို မန္တလေးတံတားဦးလေဆိပ်ကနေတက်လာတဲ့ တိုက်လေယာဉ်က ပစ်ခတ်တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ရသလို အမျိုးသမီးတယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ကသာမြို့နယ်၊ တုန်းပေါရွာ၊ ရေဘုတ်ရွာနဲ့ အောက်ဝဲကြီးရွာ ကြားမှာ ဇွန် ၁၄ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။

ဒေသခံတယောက်က “စစ်တပ်က တုံးပေါရွာဘုန်းကြီးကျောင်းမှာ အထိုင်ချထားပြီး ဝဲကြီးရွာ၊ ရေဘုတ်ရွာတွေဆီ စစ်ကြောင်းထိုးလာတယ်။ အဲလို စစ်ကြောင်းထိုးလာတဲ့အချိန် PDF နဲ့ တိုက်ပွဲဖြစ်ကြတာဗျ။ အသေအပျောက်ကတော့ ရွာသားတွ သေဆုံးတာ‌တွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ကသာတပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကျေးရွာတွေထဲကို ကျပြီး အရပ်သားတွေလည်း သေဆုံးကြတာလို့ ဆိုပါတယ်။

အောက်ဝဲကြီး ဒေသခံတယောက်က “တိုက်ပွဲစကတည်းက  ကသာမြို့ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်တာပဲ။ နေ့ခင်း ၂ နာရီ လောက်ကြာမှ တိုက်ပွဲပြီးသွားတယ်။ ကျနော်တို့ ရွာသားတချို့လည်း တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာနိုင်သူ တချို့လည်းရှိတယ်။ တိုက်ပွဲအတွင်း ပိတ်မိသူတွေလည်းရှိတယ်ဗျ။ ကျနော်တို့ ရွာသားချင်း ဆက်သွယ်ကြည့်ကြတာ ကသာမြို့ပေါ် စစ်ကောင်စီတပ်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အောက်ဝဲကြီးရွာက အရပ်သား ၃ ဦးဒဏ်ရာရတယ်။ ကိုယ်ဝန်‌ဆောင် အမျိုးသမီးတဦးသေဆုံးတယ်လို သိထားရတယ်။ အရပ်သားသေဆုံးမှုက ဒီထက်မကလည်း များနိုင်တယ်” လို့ ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးအခြေအနေက ဒီနေ့ ဇွန် ၁၅ ရက်‌နေ့အထိ တင်းမာ နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကသာမြို့နယ် PDF အဖွဲ့နဲ့ နီးစပ်သူတယောက်က “သူတို့က နယ်မြေချဲ့လာတာဗျ။ ကသာမြို့ထဲကနေ တုန်းပေါရွာဘက် စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းမှာအထိုင်ချတယ်။ အဲဒီကနေ ကျနော်တို့ စိုးမိုးနယ်မြေထဲ အရပ်သားဟန်ဆောင်ပြီး ဝင်လာတာကို ကျနော်တို့ အရှေ့ကင်းနဲ့ တည့်တည့်တိုးပြီး တိုက်ပွဲစဖြစ်တာပါ။ လက်ဦးမှုကတော့ ကျနော်တို့ဘက်ကနေ အရင်ယူပြီးပစ်နိုင်ခဲ့တယ်။ (-) တွေ အကျဆုံးများစွာနဲ့  နေ့ခင်းပိုင်းမှာ သေဆုံးတဲ့စစ်(-)အလောင်းတွေနဲ့ဒဏ်ရာရတဲ့ စစ်(-)တွေကို ကားနဲ့ ကသာ ဆေးရုံဆီ သယ်သွားတယ်။ တိုက်ပွဲကတော့ မပြီးသေးဘူးဗျ။ သူတို့ ဘက်ကလည်း စောင့်ကြည့်အနေထား၊ ကိုယ့်ဘက်ကလည်း စောင့်ကြည့်အနေအထားပါဗျ။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့တယ်ဗျ။ ဒဏ်ရာရတဲ့ ၃ ဦးထဲက တဦးကတော့ ညနေပိုင်းမှာ သေဆုံးသွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သေဆုံးသွားတဲ့ အရပ်သားတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အောက်ဝဲကြီးရွာဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကသာမြို့နဲ့ အနီးဆုံးဖြစ်ပြီး တုန်းပေါရွာ၊ ရေဘုတ်ရွာတို့နဲ့ ကပ်လျက်မှာရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013