
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတလုပ်နေတာ ၄ လဝန်းကျင်ရှိလာချိန် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအထဲမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီနဲ့ သားငါးဈေးနှုန်းတွေအပြင် ဟင်းချက်ရာမှာ မပါမဖြစ်ထည့်သုံးနေရတဲ့ ကြက်သွန်ဈေးတွေလည်း အခုရက်ပိုင်းအတွင်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ရန်ကုန်က ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဈေးတွေ မြင့်တက်နေပြီး ဈေးကွက်အတွင်းမှာ အရင်လက ဈေးနှုန်းထက် ၁၀၀၀ ကျပ်ကျော် မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတယောက်က DVB ကို ပြောပါတယ်။
“ပြီးခဲ့တဲ့လက ၅,၀၀၀ ကျော်ပေါ့နော်။ အခု ဒီရက်ပိုင်း ၆,၀၀၀ ကျော်သွားပြီ။ တချို့နေရာတွေ ၆,၂၀၀၊ ၆,၃၀၀ လောက်ရှိတယ်။ တနေရာနဲ့တနေရာတော့ မတူနိုင်ဘူးပေါ့။ ပြီးတော့ ဝယ်တဲ့အပေါ်မှာလည်း ရှိသေးတယ်လေ။ လက်လီလား လက်ကားလားပေါ့” လို့ ပြောပါတယ်။
ရန်ကုန်က ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက အရွယ်အစားနဲ့ ဒေသအလိုက်ထွက်တဲ့ ကြက်သွန်ဈေးတွေဟာ ကျပ် ၂,၉၀၀ ကနေ ၄,၀၀၀ ဝန်းကျင်ပဲရှိခဲ့ရာက ဇူလိုင် ၂၅ ရက်မှာ ၄,၃၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်အထိ ဒိုင်ပေါက်ဈေးရှိခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နယ်ဈေးကွက်မှာတော့ ဆိုဒ်လှတဲ့ ကြက်သွန်တပိဿာကို ၆,၅၀၀ ကျပ်ကနေ ၇,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး ထပ်မံမြင့်တက်ဖို့ အလားအလာရှိနေတယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အိမ်ရှင်မတယောက်က “အလယ်အလတ် ဆိုဒ်ဆိုရင် ဒီမနက်ဈေးက ၆,၅၀၀၊ ဆိုဒ်ကြီးပြီးလှရင် ၇,၀၀၀ ရောင်းနေပြီ။ ထပ်တက်မဲ့ အရိပ်အယောင်ရှိတယ်” လို့ ပြောပါတယ်။
ကြက်သွန်ဈေး အခုလို တက်လာတာဟာ စက်သုံးဆီဈေးနဲ့၊ သယ်ယူစရိတ်တွေ ဈေးမြင့်လာလို့ သူက ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ သမ္မတသက်တမ်း ပထမရက် ၁၀၀ အတွင်းမှာ ကုန်ဈေးနှုန်းတွေတည်ငြိမ်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောထားပေမဲ့ ပြောင်းပြန်ဖြစ်ပြီး ကုန်ဈေးနှုန်းတွေတက်သာလာနေတယ်လို့ ကြံ့ခိုင်ရေးအမတ် ဘူးလက်လှဆွေက ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်မှာ မီဒီယာတွေကို ပြောထားပါတယ်။
လက်ရှိမှာ ပြည်တွင်းက ဆန်နဲ့ ဆီဈေးနှုန်းတွေလည်း မြင့်တက်နေပြီး ဆန်တပြည် ၄,၀၀၀ ဝန်းကျင်ကနေ ၉,၀၀၀ ကျပ်၊ စားအုန်းဆီ တပိဿာ ပြင်ပပေါက်ဈေး ၂၀,၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။











