DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ချေးငွေများ ပြန်မဆပ်ပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
June 12, 2024
ကိုဗစ်ချေးငွေများ ပြန်မဆပ်ပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

ဧရာဝတီတိုင်းမှာ NLD အရပ်သားအစိုးရလက်ထက်က တောင်သူတွေကို ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို စစ်ကောင်စီတပ်က ပြန်တောင်းယူနေပြီး  သတ်မှတ်ရက် ပြန်မဆပ်ရင် ဖမ်းဆီးအရေးယူမယ်လို့ သတိပေး ခြိမ်းခြောက် တောင်းယူနေတာကြောင့် ဒေသခံ တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

တောင်သူတွေ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့လို့ ပြန်လည် လည်ပတ်ရပ်တည်လုပ်ကိုင်နိုင်ရေး ကိုဗစ်ချေးငွေဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရင် NLD အစိုးရ လက်ထက်က ထုတ်ချေးထားတဲ့ ချေးငွေတွေကို ဇွန် ၃၀ ရက် နောက်ဆုံးထား ပြန်ဆပ်ဖို့ စစ်ကောင်စီတပ်က အတင်းဖိအားပေး တောင်းယူနေတာလို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှ တောင်သူတယောက်က “အခု အဲဒီချေးငွေကို မဖြစ်မနေပြန်ဆပ်ဖို့ စစ်ကောင်စီတပ်က ဦးဆောင်တောင်းနေတာ။ စစ်ကောင်စီတပ်က ကြွေးတောင်းလည်းရတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေလည်းပါတယ် တောင်းနေတာ။ ပေးဆပ်ဖို့ ပျက်ကွက်ရင် တည်ဆဲဥပေဒအရ အရေးယူခံရမယ်လို့ ပြောတောင်းနေတာ။ အစည်းအဝေးခေါ် တောင်းခံရသူလည်း ရှိသလို သတိပေးစာ ပေးပို့တောင်းသူလည်း ရှိတယ်” လို့ ပြောပါတယ်။

အခုလို နိုင်ငံရေးအကျပ်အတည်းတွေနဲ့ တခြားအခက်အခဲမျိုးစုံ ကြုံနေရတဲ့ကာလမှာ တောင်သူတွေဆီကနေ ကိုဗစ်ချေးငွေတွေကို မဖြစ်မနေပြန်ဆပ်ဖို့ ဖိအားပေး တောင်းနေတာဟာ ဒေသခံ တောင်သူလယ်သမားတွေကို နှိပ်စက်တဲ့အခြေအနေ ဖြစ်နေပြီး သင့်လျော်တဲ့ စနစ်တခု ရေးဆွဲချမှတ်တောင်းယူဖို့ လုပ်မှ အဆင်ပြေမယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးသူတွေက ဆိုပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ လယ်သမားအရေး ဆောင်ရွက်ပေးသူတယောက်က “စစ်တပ်အနေနဲ့ လယ်သမားတွေရဲ့ အခက်အခဲတွေကို ထည့်တွက်ကြည့်ပေးဖို့ လိုပါတယ်။ လက်ရှိ မြေပြင်မှာ တောင်သူတွေ အဆင်မပြေဖြစ်နေတာ တာဝန်ရှိသူတွေ အသိဆုံးဖြစ်ရမှာ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုကာလမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အတင်းဖိအားပေး မတောင်းသင့်ဘူးလို့ ပြောချင်တာ။ သင့်‌ေလျာ်တဲ့အစီအစဉ်တွေ ရေးဆွဲချမှတ် ဆောင်ရွက်ဖို့တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ဒေသခံတွေ အများစုဟာ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကိုပဲ အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေစပါးတွေစိုက်ပျိုးတဲ့ ရာသီကလည်း ဓာတ်မြေဩဇာဈေးတွေ ထိုးတက်တာ၊ စက်သုံးဆီတွေဖြစ်တဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးတွေ တက်တာ၊ စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက်တာ၊ စပါးတွေ အထွက်ကောင်းဖို့ သုံးနေကျ ဓာတ်မြေသြဇာတွေ ဝယ်မသုံးနိုင်တာ စတဲ့ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013