DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်မှုထမ်းရန် လူခေါ်မရ၊ ဝေါနှင့် ကျိုက်ထိုရှိ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ 
DVB
·
June 12, 2024
ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်မှုထမ်းရန် လူခေါ်မရ၊ ဝေါနှင့် ကျိုက်ထိုရှိ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ 
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ စစ်မှုထမ်းဖို့အတွက် လူခေါ်လို့ အဆင်မပြေတာကြောင့် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူ‌ငယ်တွေကို နေအိမ်ထဲထိ ဝင်ဖမ်းဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အပါအဝင် စစ်မှုထမ်းစာရင်း ကောက်ခံနေတဲ့သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ် ရှင်း‌လင်းနေတာကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် စစ်မှုထမ်းစာရင်း ကောက်ပေးနေတဲ့သူတွေ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ကျိုက်ထိုခရိုင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေမှူးတွေကတဆင့် စစ်မှုထမ်းဖို့ လူမရတာကြောင့် စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ လူငယ်တွေကို နေအိမ်ထဲအထိ ဝင်ဖမ်းဖို့ စီစဉ်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုဆို ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုဟာ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေသလို တခြားမြို့ရွာသွားသလို ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မလုပ်ဘဲ နေကြတယ်။ အဲဒါကြောင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အသက်ပြည့်တဲ့ လူငယ်တွေထဲက သူတို့ ပြန်ရွေးချယ်ပြီး အိမ်ထဲဝင်ဆွဲဖို့ စီစဉ်နေတယ်။ ပထမအပတ်စဉ်တုန်းက စစ်မှုထမ်းဖို့ ကိုယ်တိုင်အဆိုပြုတဲ့သူကလွဲပြီး လူမရဘူး။ ဒီအပတ်စဉ်ကစပြီး ဝင်ဖမ်းမယ်လို့ ကြားတယ်။”

စစ်ကောင်စီက စစ်မှုထမ်းဖို့ လူမရရှိပါက လမ်းမပေါ်သွားလာတွေနဲ့ လူ‌ငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ကာ စစ်မှုထမ်းခိုင်းလာနိုင်တဲ့အတွက် လူငယ်တွေအနေနဲ့ အသွားအလာဆင်ခြင်ကြဖို့ ရှောင်တိမ်းနေတဲ့ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“မြို့ထဲမှာကော ရွာတွေဘက်မှာပါ စစ်မှုထမ်းစာရင်း ကောက်ပေးတဲ့သူ‌ တယောက်မှတောင် မရှိတော့ဘူး။ ဘယ်သူမှလည်း လုပ်ရဲတဲ့သူ ရှိမှာမဟုတ်ဘူး။ အသတ်ခံရပြီဆို ကျိုက်ထိုကချည်းပဲ၊ သေမှာတော့ အကုန်ကြောက်တာပဲ။ စစ်တပ်က ညဘက်ထွက်တဲ့သူတွေနဲ့ ဆိုင်ကယ် နှစ်ယောက်စီးတဲ့ သူတွေကို ပစ်မှတ်ထား ဖမ်းမှာပဲ။ အဲဒီတော့ လူငယ်တွေ အပြင်မထွက်တာ အကောင်းဆုံးပဲ။”

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ ၂၀၂၄ ဇန်နဝါရီကနေစပြီး ဒီနေ့အထိ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူအယောက် ၃၀ ထက်မနည်း ပစ်သတ်ခံထားရပြီး အများစုမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေသလို နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုတွေလည်း ရှိနေပြီး စစ်ကောင်စီက ဆိုင်ကယ် နှစ်ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်အစပ်က သပြေကန် စစ်ဆေးရေးဂိတ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာမှာရှိတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ် အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို ဇွန် ၁၀ ရက် ညနေပိုင်းက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့-၁ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သပြေကန်စစ်ဆေးရေးဂိတ်နဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးက စစ်ကောင်စီ တပ်စွဲထားတဲ့‌ နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြင်းအားမြင့် ဗုံးသီးသုံးကာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့-၁ တာဝန်ရှိသူက ပြောပါတယ်။

“ပဲခူးဘက်ခြမ်းက သပြေကန်၊ မွန်ပြည်နယ်ဘက်ခြမ်းက မုပ္ပလင်၊ စစ်တောင်းတံတားရဲ့ ဟိုဘက် ဒီဘက်ပေါ့။ သူတို့တပ်စွဲထားတဲ့ နေရာကို သွားကြဲတဲ့အချိန်မှာ ရဲရော မော်တော်ပီကယ်ရော စကစရော အကုန်ရှိတယ်။ ကျနော်တို့ဘက်ကတော့ တကြိမ်ပဲ ဗုံးသီးချပြီး တိုက်ခိုက်ခဲ့တာပါ။”

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး ရှိပေမဲ့ အတည်ပြုဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာလည်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ် အမျိုးမျိုးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိပေမဲ့လည်း ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့-၁ နဲ့ မဟာမိတ်အဖွဲ့တွေက ဇွန် ၉ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာအနီး လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013