DVB Logo
Home
မြန်မာသတင်း
သန်လျင်တံတားဖွင့်ပွဲကို ရှော့တိုက်ဒုံးပစ်ရန် စီစဉ်သူ ၉ ဦးကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်၊ ရန်ကုန် လုံခြုံရေးသတိရှိရန် စစ်ခေါင်းဆောင်ပြော
DVB
·
June 11, 2024
သန်လျင်တံတားဖွင့်ပွဲကို ရှော့တိုက်ဒုံးပစ်ရန် စီစဉ်သူ ၉ ဦးကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်၊ ရန်ကုန် လုံခြုံရေးသတိရှိရန် စစ်ခေါင်းဆောင်ပြော
Donate to DVB

ရန်ကုန်မှာ သန်လျင်တံတား အမှတ် ၃ ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်တဲ့ လူငယ် ၉ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီပြန်ကြားရေးက  ဇွန် ၁၀ ရက်မှာ သတင်းထုတ်ပါတယ်။

သန်လျင်တံတားဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ဖို့ စီစဉ်နေကြောင်း သတင်းရလို့ ဇွန် ၈ ရက် မနက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သင်္ဘောကျင်း ဝန်ထမ်းအိမ်ရာဝန်း အတွင်းရှိ သစ်သားလိုင်းခန်း အဟောင်းမှာ ရန်ကုန် UG အဖွဲ့ဝင် စိန်ကြီး (ခ) အောင်ထွေး (၂၆ နှစ်)၊ ချိုကြီး (ခ) ဟိန်းထက်အောင် (၁၈ နှစ်)၊ မင်းသူ (၃၀ နှစ်)၊ မောင်ဟိန်း (၂၄ နှစ်)၊ အောင်သူရထွန်း (၂၅ နှစ်)၊ ပြည့်ဖြိုးဇော် (၁၈ နှစ်) နဲ့ ထက်အာကာလင်း (၂၆ နှစ်) တို့ ၇ ဦးကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘက်ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ တခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ဇွန် ၉ ရက် နောက်နေ့မနက်မှာ ရှော့တိုက်ဒုံးပစ်ခတ်ဖို့ ပူးပေါင်းပါဝင်သူ ချစ်ကေခိုင် (၃၈ နှစ်) ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်ရှိ နေအိမ်မှာ ဖမ်းမိပြီး ဇာနည်အောင် (ခ) ကိုဇာ (၃၂ နှစ်) ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်ရှိ နေအိမ်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တခုတို့နဲ့ ထပ်မံဖမ်းမိတာလို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ ကျား ၈ ဦး၊ မ ၁ ဦး စုစုပေါင်း ၉ ဦးတို့နဲ့အတူ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘက်ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနဲ့ တခြား ဆက်စပ်ပစ္စည်းတွေ ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

အခုလို ရှော့တိုက်ဒုံးပစ်ခတ်ဖို့ကို ရန်ကုန် UG အဖွဲ့ဝင် မဲဆောက်ကို ထွက်ပြေးသွားတဲ့ ဖြူနှင်းအေး (ခ) မီးအိမ်ရှင်က စီစဉ်တာဖြစ်ပြီး အာကာမင်းက ရှော့တိုက်ဒုံး ပစ်ခတ်နည်း သင်တန်းပေးခဲ့တာလို့ ဓာတ်ပုံတွေနဲ့တကွ စစ်ကောင်စီသတင်းမှာ  စွပ်စွဲဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ တွေ့ရာကြုံရာလူငယ်တွေကို စွပ်စွဲဖမ်းဆီးပြီး အလားတူ သတင်းတွေကို မကြာခဏ ထုတ်ပြန်လေ့ရှိတာဖြစ်ပြီး အခုလို စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မှန်ကန်မှုရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို ဖမ်းဆီးခံရသူတွေဘက်ကလည်း တုံ့ပြန်ပြောဆိုနိုင်တဲ့ အခွင့်အရေး မရှိသေးပါဘူး။

ရန်ကုန်မှာ အကြမ်းဖက်သမားတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အလစ်အငိုက်ကို ရယူပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ကြံစည်ဆောင်ရွက်နေကြလို့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ အမြဲမပြတ် စောင့်ကြည့်နေရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၁၀ ရက်က ကုန်းမြင့်သာမှာကျင်းပတဲ့ ရန်ကုန်တိုင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောပါတယ်။

လက်ရှိအချိန် နိုင်ငံအတွင်းရှိ တချို့သောဒေသတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး ရန်ကုန်မှာ ဘယ်နေရာမဆို လွတ်လပ်စွာ သွားလာလို့ရကြောင်း၊ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်သမားတွေရဲ့ အငွေ့အသက်တွေ ကင်းစင်အောင် ဆောင်ရွက်ဖို့လိုကြောင်းနဲ့ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နဲ့ တိုင်းအစိုးရအဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013