DVB Logo
Home
မြန်မာသတင်း
ဘကကျောင်းက အထက်တန်းကျောင်းသားများကို ကျောင်းပြောင်းရွှေ့ခိုင်းသဖြင့် အခက်ကြုံ
DVB
·
June 10, 2024
ဘကကျောင်းက အထက်တန်းကျောင်းသားများကို ကျောင်းပြောင်းရွှေ့ခိုင်းသဖြင့် အခက်ကြုံ
Donate to DVB

ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေကို  စစ်ကောင်စီက သင်ခွင့်မပေးတော့ဘဲ အခြေခံပညာကျောင်းတွေဆီ ပြောင်းရွှေ့ခိုင်းတာကြောင့် ကျောင်းသားတွေ  စာသင်ဖို့  အခက်အခဲ ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းအတွင်းက ဘကကျောင်းတည်ထောင်သူ ဦးပဉ္စင်းတပါးက “၁၀၊ ၁၁၊ ၁၂ တန်းတွေမှာက ကိုရင်နဲ့ ဆရာလေးတွေချည်းပဲ ၂၀၀ ကျော်လောက်ရှိတာ။ အဲဒါ သင်္ကန်းဝတ်နဲ့  တက်ကြတာ။ ဦးပဉ္စင်းတို့ကလည်း လက်ခံထားတာ။ အခုမှ အဲဒီလိုတွေဖြစ်လာတာ ဦးပဉ္စင်းတို့ ကျောင်းတွေမှာက ဆွမ်းဆိုလည်း အဆင်ပြေတယ်။ ကျောင်းကလည်း ရှိရင်ရှိသလို သူတို့ကို ကျွေးမွေးတယ်လေ၊ အပါး ၂၀၀ ကျော်လုံး အဆင်ပြေကြတယ်။ အစိုးရကျောင်းတွေကျတော့ ဘယ်အဆင်ပြေမလဲ။ အစိုးရကျောင်း သွားတက်ရမယ်ဆိုရင် ကားတွေနဲ့ အပို့အကြိုတွေလည်း စီစဉ်ပေးရမယ်၊ စားဝတ်နေရေးတွေ ဆွမ်းကိစ္စတွေပါ အကုန်လုံး အဆင်မပြေတော့ဘူး။ သူတို့ကျောင်းတွေမှာ ကျောင်းသားမရှိလို့ အခုလို ဘကကျောင်းတွေက ကျောင်းသားတွေကို အတင်းခေါ်ယူတာဖြစ်မယ်”လို့ မိန့်ပါတယ်။

ရန်ကုန်တိုင်းထဲက ဘကကျောင်းတကျောင်းကတော့ ကျောင်းသား ၂၀၀ ကို အပို့အကြိုလုပ်ဖို့ ကားတွေ ငှားရမ်းရတာ၊ ထမင်းဘူး ပြင်ဆင်ပေးရတာနဲ့ သူတို့လုံခြုံရေးအတွက်ပါ စီစဉ်ပေးရတာတွေကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်လို့  ဘကကျောင်း အကျိုးတော်ဆောင် တဦးက ပြောပါတယ်။

“၁၀ တန်းကနေ ၁၂ တန်းအထိ ဘကကျောင်းမှာ ခွင့်မပြုတော့ဘူးတဲ့၊ အစိုးရကျောင်းတွေကို ပြောင်းခိုင်တယ်။ အခုဆို ဘုန်းကြီးကျောင်းနဲ့ ၃ မိုင်လောက်ဝေးတဲ့နေရာကို ကျောင်းသား ၁၀၀ ကျော်လောက် သွားအပ်လိုက်ရပြီ။ တရက်တလေ မဟုတ်ဘူးလေ။ တနှစ်ပတ်လည်လုံး လုပ်ရမှာ။ ဒီကလေးတွေ မိဘက မတတ်နိုင်လို့ ဘကကျောင်းကို ပို့ထားတာ၊ ဒီမှာက စားရေးသောက်ရေး စာအုပ်စာတမ်းကအစ အကုန်တာဝန်ယူထားတာ။ အခုတော့ အပြင်ကျောင်းကို ကျောင်းသား ၂၀၀ ကျော်ပို့ရမှာ။ ရွာနဲ့ ၃ မိုင်ကျော်လောက်ဝေးတဲ့ နေရာကို ၁၀၀ ကျော် ပို့ရမယ်။ သူတို့အတွက်ထမင်းဘူးကအစ ပြင်ဆင်ပေးရမှာ လုံခြုံရေးကအစ စကားပြောလာပြီ။ အရွယ်ကောင်းတွေ ဖြစ်လာပြီလေ။ ရေရှည်တော့ ဘယ်လို ဖန်တီးရမလဲ မသိပါဘူး။ အပ်စရာရှိတာတော့ အပ်လိုက်ပြီ။”

ရန်ကုန်တိုင်းအတွင်း အရင်အစိုးရအဆက်ဆက်လက်ထက်ကတည်းက အသိအမှတ်ပြုခံလာရတဲ့ ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်း ၉ ကျောင်းထဲက ကျောင်းတချို့ဟာ စနစ်သစ် Grade 12 အထက်တန်းအဆင့်အတွက် သင်ကြားနိုင်ဖို့ အခက်အခဲတွေ ရှိလာတာကြောင့် ကျောင်းလာအပ်တဲ့ ကျောင်းသားကျောင်းသူတွေကို အခြေခံပညာကျောင်းတွေမှာပဲ အပ်နှံဖို့ ညွှန်ကြားနေရတာလို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတဦးက ပြောပါတယ်။ 

စစ်ကောင်စီ ပညာရေးဌာနဘက်က  ဒီလို ညွှန်ကြားနေရပေမဲ့ အထက်တန်းအဆင့်သင် ဘုန်းတော်ကြီးကျောင်းတချို့ဟာ ညှိနှိုင်းဆောင်ရွက်တဲ့ကြားက လိုက်နာမှုမရှိတာကြောင့် သတိပေးရတဲ့ အခြေအနေတွေ ရှိတယ်လို့လည်း  ပြောပါတယ်။

ပဲခူးတိုင်း၊ ပြည်မြို့မှာတော့ ဘကကျောင်း ၁၆ ကျောင်းရှိပြီး အဲဒီအထဲက အထက်တန်းသင်နေတဲ့ ကျောင်း ၂ ကျောင်း ပိတ်ပေးလိုက်ရပါတယ်။ ဘကကျောင်းတွေမှာ ကျောင်းသားရှိပြီး အစိုးရကျောင်းတွေမှာ ကျောင်းသားမရှိတာကြောင့်လို့ ဘက ကျောင်းဆရာတယောက်က ပြောပါတယ်။

ပြည်မြို့နယ်ရှိ ဘကကျောင်းဆရာတဦးက “ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းကတည်းက ကျနော်တို့ကို  ခေါ်ပြောတာ အဓိကက သူတို့ကျောင်းတွေမှာ လူမရှိဘဲ ဘကကျောင်းတွေမှာပဲ လူတွေ ပြည့်နေလို့တဲ့၊ အခု ပြည်မှာက ဘကကျောင်း ၁၆ ကျောင်းရှိတာ အခု ၂ ကျောင်းပိတ်လိုက်ရပြီ ဇေယျသုခကျောင်းရယ် မှော်စာက မိုးကောင်းကျောင်းရယ်” လို့ ပြောပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အရင်ကတည်းက မူလတန်းနဲ့ အလယ်တန်းအဆင့်တွေအထိပဲ သင်ကြားခွင့် ပေးထားတာဖြစ်ပြီး အထက်တန်းအဆင့်ကို  အစိုးရအထက်တန်းကျောင်းတွေမှာပဲ သင်ကြားခွင့်ပေးထားကာ အရင်က သင်ကြားခွင့်ရနေခဲ့တာက နားလည်မှုနဲ့ ပေးထားတာဖြစ်တယ်လို့  စစ်ကောင်စီခန့် ရန်ကုန်တိုင်းပညာရေးဝန်ကြီးဌာန ဝန်ထမ်းတဦးက  DVB ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအနေနဲ့ အခြေခံပညာ ကျောင်းသားဦးရေဟာ ၁၂ သန်းလောက်ရှိနိုင်ပြီး  စစ်ကောင်စီရဲ့ ၂၀၂၄ -၂၅ ပညာသင်နှစ်အတွက်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့် တက်ရောက်သူ အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၂ သိန်းကျော်သာ တက်ရောက်ခဲ့ကြောင်း CDM ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းအရ သိရပါတယ်။ အဲဒီအထဲမှာ ဘကကျောင်းတွေမှာ တက်ရောက်နေသူတွေရဲ့ စာရင်းပါဝင်တယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013