Home
နိုင်ငံတကာ
ကျားရောင်းဝယ်ရေးလုပ်သော ဗီယက်နမ်နိုင်ငံသားနှင့် ထိုင်းအမျိုးသမီးတို့ ဖမ်းဆီးခံရ 
DVB
·
June 6, 2024
TigerSellingThai_06062024

ထိုင်းအရှေ့မြောက်ပိုင်း ဘင်ကန်ခရိုင်ထဲမှာ ကျားရောင်းဝယ်ရေးလုပ်ကိုင်တဲ့ ဗီယက်နမ်နိုင်ငံသား တဦးနဲ့ ထိုင်းအမျိုးသမီးတတို့ကို ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။ 

ဒီမတိုင်ခင်ရှေ့ မေလကုန်ပိုင်းက လျှို့ဝှက်အွန်လိုင်းဂရုပ်တခုထဲမှာ ကျားပေါက်ကလေး တကောင် ရောင်းဖို့ရှိကြောင်း ကြေညာထားတာကြောင့် တာဝန်ရှိသူတွေက ဝယ်သူအယောင် ဆောင်ပြီး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဝန်းကျင်ထိန်းသိမ်းရေးနဲ့ တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးဌာန ဒုညွှန်မှူး  ဒုရဲမှုးကြီး ဖိချရဖတ်ယူယင်ဆရီက ဇွန် ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဝယ်ယူမယ့်နေရာကို ဘင်ကန်မြို့ ဝိဆစ်ရပ်ကွက်ထဲရှိ နေရာတနေရာမှာ ချိန်းဆိုလိုက်ကြပြီး  အသက် ၃၄ နှစ်ရွယ် Mr. HO ဆိုသူ ဗီယက်နမ်နိုင်ငံသားတဦးနဲ့ ၄၂ နှစ်ရွယ်ရှိ နန်းဆောင်ဝိသရီ ဆိုသူ ထိုင်းအမျိုးသမီးတဦးတို့က အပြာရောင်ဆွဲခြင်းထဲ ထည့်လာတဲ့ ကျားကို လာပေးတယ်။ တာဝန်ရှိသူတွေက ခြင်းထဲက သတ္တဝါဟာ အမှန်တကယ် ကျားအစစ်ဖြစ်ကြောင်း စစ်ဆေးပြီးတဲ့ အခါမှာ‌တော့ အနီးနားတဝိုက် ကိုယ်ယောင်ဖျောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အချက်ပေးလိုက်ပြီး ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။ 

အဆိုပါကျားလေးမှာ အသက်တလမျှသာရှိသေးတဲ့ ကျားပေါက်မကလေးဖြစ်ပြီး အလေးချိန် ၆ ကီလိုဂရမ်ရှိကာ မိခင်နို့မဖြတ်သေးဘူးလို့ ဆိုပါတယ်။ 

Mr.HO က သူဟာ အဆိုပါကျားလေးကို ဗီယက်နမ်နိုင်ငံရှိ ကျားမွေးမြူရေးစခန်းကနေ ဝယ်ယူခဲ့ကြောင်း၊ တောထဲမှာသွားဖမ်းတာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ 

နန်းဆောင်ဝိသရီက  အဲဒီခြင်းလေးကို လူကြုံသယ်သွားပေးပါဆိုလို့ ကားပေါ်တင်လာတာ အထဲမှာ ဘာရှိမှန်းမသိဘူးလို့  ပြောပါတယ်။ 

တာဝန်ရှိသူတွေကတော့ သူတို့နှစ်ယောက်ပြောတာကို မယုံကြည်ကြောင်း၊ အထူးသဖြင့် Mr.HO ဆိုတာ ဗီယက်နမ်သားဖြစ်ပေမယ့် လောနိုင်ငံမှာ နေထိုင်ပြီး ထိုင်း၊ လောနဲ့ ဗီယက်နမ်ကြား တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်ကူးနေတာဖြစ်တယ်၊ သူတို့ဟာ ဒီအလုပ်ကို ဂိုဏ်းဖွဲ့လုပ်ပြီး ကျန်တဲ့ ဂိုဏ်းသားတွေပါ ဖမ်းဆီးအရေးယူဖို့ ဆက်လက်စုံစမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ သဘာဝတောရိုင်းတိရစ္ဆာန်များကာကွယ်စောင့်ရှောက်ရေးဥပဒေအရ  မည်သူမဆို တားမြစ်ထားသော သားရဲတိရစ္ဆာန်များအား ဖမ်းဆီးရွှေ့ပြောင်းရောင်းဝယ်ပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁ သန်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။ 

ကိုးကား - Thairath /  Workpoint News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024