DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တွင် ဗီယက်နမ်နိုင်ငံသား ၇၀၀ ခန့် ပိတ်မိနေ
DVB
·
November 24, 2023
ကိုးကန့်တွင် ဗီယက်နမ်နိုင်ငံသား ၇၀၀ ခန့် ပိတ်မိနေ
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသထဲမှာ ဗီယက်နမ်နိုင်ငံသားအယောက် ၇၀၀ လောက် ပိတ်မိနေခဲ့ပြီး လတ်တလောမှာတော့ သူတို့ဟာ ယာယီ ဘေးကင်းရာနေရာတွေမှာ ရောက်ရှိနေပြီလို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ပြောပါတယ်။

မြို့တော် ဟနွိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပြီး အောက်တိုဘာ လကုန်တုန်းက နိုင်ငံသားတွေရဲ့ အခြေအနေသတင်းရရှိပြီးနောက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးကို မြန်မာအာဏာပိုင် တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ကာ နိုင်ငံသားတွေ ဘေးကင်းရေးနဲ့ အခြေ ခံဘဝနေထိုင်ရေး အာမခံချက်ပေးနိုင်ရေး၊ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကနေ ထွက်ခွာလာနိုင်ရေး အဆင်ပြေစေဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံက ဗီယက်နမ်အေဂျင်စီအဖွဲ့အစည်းတွေဟာ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းညှိနှိုင်းပြီးတော့ သတင်းအချက်အလက်တွေ မျှဝေကာ နိုင်ငံသားအကာအကွယ်ပေးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ ဗီယက်နမ်ကို ပံ့ပိုးကူညီဖို့လည်း တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်ကဆိုပါတယ်။

ဝန်ကြီးဌာနဟာ နောက်ဆက်တွဲ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး ဒုက္ခသည်တွေ နေထိုင်ရာ ဒေသတွေက ဗီယက်နမ်နိုင်ငံသားတွေနဲ့ အဆက်အသွယ်မပြတ်ဖို့နဲ့ နိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်စေနိုင်ရေးအတွက် လိုအပ်တဲ့ အကာအကွယ်တွေ ထားရှိဖို့လည်း ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းတချို့ဟာ လူကုန်ကူးမှုနဲ့ အင်တာနက်အခြေပြု ငွေလိမ်တဲ့လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာ ရာကနေ ဒီလိုလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီး ဒေါ်လာဘီလီယံနဲ့ချီ အကျိုး အမြတ်ရှိတဲ့ တရားမဝင် လုပ်ငန်းကွန်ရက်တွေအဖြစ် ပေါ်ထွက်လာနေတယ်လို့ အင်တာနက် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာအာဏာ ကျဆင်းလာတာနဲ့အမျှ ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်တာနက် မှုခင်းတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေခဲ့ကြတဲ့အကြောင်း၊ အခု ဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး ရှိနိုင်တယ်လို့လည်း သုတေသီတွေက ခန့်မှန်းထားပါတယ်။

အခုလို စစ်ရေးပဋိပက္ခ တိုက်ခိုက်မှု၊ အစဉ်အလာ ရာဇဝတ်မှုနဲ့ အင်တာနက် ရာဇဝတ်မှု သုံးမျိုးလုံး ပေါင်းစပ်ပြီး မြန်မာနိုင်ငံကနေ စတင်လာတဲ့ ဒီလိုမှုခင်းတွေဟာ ဆိုင်ဘာ ရာဇဝတ်မှု လေ့လာစောင့်ကြည့်သူတွေအတွက် မကြုံဘူးတဲ့ ပုံစံအသစ်တခု ဖြစ်နေပြီး အရှေ့တောင်အာရှ ပြင်ပက စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ တခြားဒေသတွေကိုပါ ပျံ့နှံ့လာဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source: VietnamPlus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013