DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ၃ နှစ်အတွင်း ငွေစက္ကူ ကျပ် ဘီလီယံ ၃၀,၀၀၀ ရိုက်ထုတ်
DVB
·
June 3, 2024
စစ်ကောင်စီက ၃ နှစ်အတွင်း ငွေစက္ကူ ကျပ် ဘီလီယံ ၃၀,၀၀၀ ရိုက်ထုတ်
Donate to DVB

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ မေလအထိ ၃ နှစ် ၃ လအတွင်းမှာ စစ်ကောင်စီ ဗဟိုဘဏ်က ငွေစက္ကူပေါင်း ကျပ်ဘီလီယံ ၃၀,၀၀၀ နီးပါး  ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ NUG က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးပျက်ကပ်နဲ့ ပတ်သက်ပြီး ဇွန် ၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ကျပ်ငွေ မတရားရိုက်နှိပ်ထုတ်ဝေ အသုံးပြုခဲ့တာက ငွေကြေးဖောင်းပွမှုရဲ့ အဓိက အကြောင်းအရင်းတခုဖြစ်ပြီး အာဏာသိမ်းကာလ ရိုက်နှိပ်ထုတ်ခဲ့တဲ့ ငွေသားက အရပ်သား အစိုးရလက်ထက်ကထက် ၈ ဆကျော် မြင့်တက်လာတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“စစ်ကောင်စီက ဒီနှစ် မေလအထိကို ကျပ်ငွေဘီလီယံ ၃၀,၀၀၀ နီးပါး ရိုက်နှိပ်ခဲ့တာပါ။ အာဏာသိမ်းကာစ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ ဖေဖော်ဝါရီလအထိကို ဘီလီယံ ၂၅,၀၀၀ ကျော် ရိုက်ထုတ်ခဲ့ပြီးတော့ ဒီကျန်တဲ့ ၃ လမှာလည်း ဆက်တိုက် ငွေတွေ ရိုက်နှိပ်နေတဲ့အတွက် မေလအထိမှာတော့ ကျပ်ဘီလီယံ ၃၀,၀၀၀ လောက် ဖြစ်လာတာပါ။ ဒီတန်ဖိုးက ဘယ်လောက်တောင်ရှိလဲဆိုတာ မြင်အောင်ပြောရရင် အရင် NLD အစိုးရလက်ထက် ကိုဗစ်ကာလ ၂၀၁၉ နဲ့ ၂၀၂၀၊ ၂ နှစ်အတွင်းမှာတောင် ကျန်းမာရေး အသုံးစရိတ်တွေနဲ့ ချေးငွေတွေလိုအပ်ချက်အတွက်တောင်မှ ကျပ်ငွေဘီလီယံ ၃,၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့တာနဲ့ ယှဉ်ရင် ၈ ဆကျော် မြင့်တက်လာတာပါ” လို့ ပြောပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ကာလမှာ နိုင်ငံရဲ့စီးပွားရေးတွေ ကျဆင်းကုန်တဲ့အတွက် စီးပွားရေးနဲ့ နိုင်ငံရေး ပြန်လည်ထူထောင်နိုင်မှု နောက်ဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာဆိုရင် ကိုဗစ်မတိုင်ခင်ကာလကို ပြန်မရောက်နိုင်သေးတဲ့ တခုတည်းသောနိုင်ငံလည်း ဖြစ်တယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင် ကာလတွေနဲ့ယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ မြန်မာ့ကျပ်ငွေတန်ဖိုးက ၂၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ NUG ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး မစ္စတာရှောင်တာနယ်လ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မကြာသေးခင်က ကျနော်တို့ကြားသိရတဲ့ barter စနစ်ကို ပြန်ကျင့်သုံးတယ်ဆိုတာက မြန်မာ့စီးပွားရေးက ၂၁ ရာစုကနေ နောက်ပြန်ဆုတ်နေသလို ဖြစ်နေပါတယ်။ အာဏာမသိမ်းခင်ကနဲ့ယှဉ်ရင် ဒီနှစ်မှာ မြန်မာကျပ်ငွေတန်ဖိုးက ၂၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ စစ်ကောင်စီက ဝင်ငွေရလမ်းကြောင်းမရှိတာနဲ့ စစ်အသုံးစရိတ်က အဆမတန် တက်သွားတာကို ကာမိအောင် ငွေစက္ကူတွေ ရိုက်နှိပ်ခြင်းနဲ့ ဘဏ္ဍာငွေကို ဖော်ဆောင်နေတာပါ။ တိုင်းပြည်တခုရဲ့ ငွေကြေးတန်ဖိုးဆိုတာ တိုင်းပြည်တခုရဲ့ နိုင်ငံရေး စီးပွားရေး ယုံကြည်မှုအခြေအနေကို ပြသနေတာပါ။”

စစ်ကောင်စီကတော့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ တရားမဝင် လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ငွေလဲလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ ရွှေဈေးကို ထိန်းချုပ်ဖို့ ဈေးကစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူနေပါတယ်။

လာမယ့် ဇွန် ၂၃ ရက် စင်ကာပူနိုင်ငံမှာပြုလုပ်မယ့် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့် အရေးယူရေးအဖွဲ့ (FATF) ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံ အခြေအနေတွေကို တင်ပြဆွေးနွေးသွားဖို့ ရှိနေပြီး တိုးတက်လာတဲ့ အခြေအနေ မတွေ့ရှိရင် မြောက်ကိုရီးယား၊ အီရန်တို့နဲ့နည်းတူ တန်ပြန်ရေးအစီအမံ လုပ်ခံရမယ့် တတိယမြောက်နိုင်ငံလည်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013