DVB Logo
Home
မြန်မာသတင်း
ကျွန်းလှဒေသခံ ၃၅၀၀ ခန့်ထွက်ပြေးနေရ၊ ရွာသစ်ကုန်းရွာမှ စစ်တပ်နှင့်ပျူစောထီးအဖွဲ့ စခန်းစွန့်ခွာ
DVB
·
June 2, 2024
ကျွန်းလှဒေသခံ ၃၅၀၀ ခန့်ထွက်ပြေးနေရ၊ ရွာသစ်ကုန်းရွာမှ စစ်တပ်နှင့်ပျူစောထီးအဖွဲ့ စခန်းစွန့်ခွာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှနယ်က ကျောက်အိုင်၊ ငှက်ပျောတောနဲ့ တဘောင်ရွာတွေမှာ စစ်ကောင်စီက ရွာသားတချို့ကိုဖမ်းဆီးပြီး အတင်းအကျပ် စစ်မှုထမ်း ခိုင်းနေတာကြောင့် မေလကုန်ပိုင်းကစပြီး ဒေသခံပြည်သူ ၃၅၀၀ ဝန်းကျင်ဟာ PDF စိုးမိုးနယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကျွန်းလှနယ်ဒေသခံတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဆက်တိုက်ဖိအားပေးနေပြီး မလိုက်နာရင် ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ ကျွန်းလှ PDF တာဝန်ရှိသူက ပြောပါတယ်။

“ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းမှာရှိတာပေါ့။ ကျောက်အိုက်ရွာ၊ ငှက်ပျောတောရွာ၊ တဘောင်ရွာရယ်ပေါ့နော်။ အိမ်ခြေကတော့ ကျောက်အိုင်ရွာက ၂၈၀ လောက်ရှိတယ်။ တဘောင်ရွာက ၃၀၀ လောက်၊ ငှက်ပျောတောရွာက ၁၄၀ ဝန်းကျင်လောက် အဲ့ဒီလောက်ရှိတာပေါ့။ အဲ့ဒီရွာတွေက ပျူစောထီးတွေကမှ အတင်းအဓမ္မ စစ်သားစုဆောင်းတာပေါ့ဗျာ။ နှိပ်စက်တာတွေလည်းလုပ်တာဆိုတော့ ပြည်သူ ၃၅၀၀ လောက် ကျနော်တို့ စိုးမိုးနယ်မြေကို ထွက်ပြေးတိမ်းရှောင်လာတာပေါ့၊ ကိုယ်လွတ်ရုန်းပြီးပြေးခဲ့တာပေါ့ အားလုံးက။ ပျူစောထီးတွေကတော့ ပြည်သူတွေကျန်နေခဲ့တဲ့ ပစ္စည်းတွေဘာတွေကို ကားတွေလှည်းတွေနဲ့ တိုက်ယူနေကြတာပေါ့ဗျာ။"

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာမှာ ကာလရှည်အခြေစိုက်ခဲ့တဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ဟာ ရေဦးမြို့နယ်ဘက်ကို ပြောင်းရွှေ့ထွက်ခွာသွားပြီးနောက် ရွာထဲမှာ မိုင်းတွေထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက ရွာသစ်ကုန်းရွာကို ၂၀၂၁ အောက်တိုဘာလကတည်းက ဝင်ရောက်မီးရှို့တာတွေပြုလုပ်ခဲ့ပြီး အဲ့ဒီရွာမှာ ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ အခြေစိုက်စခန်းချခဲ့ပါတယ်။

ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာသားတဦးက “ဆွဲမိုင်းတွေဘာတွေ တွေ့တယ်၊ ကြိုးတွေဘာတွေနဲ့ ဘက်ထရီအိုးနဲ့ဂျွိုင်းတဲ့ မိုင်းတွေ တွေ့တယ်။ နောက်ပြီး အိမ်တိုင်းအိမ်တိုင်းက အိမ်တွင်းပစ္စည်းတွေအားလုံး သယ်ယူရောင်းချထားတာနေမှာပေါ့၊ ဘာမှမရှိတော့ဘူး။ မီးကြိုးတွေလည်း အားလုံးဖျက်ဆီးသွားတယ်၊ အိမ်တွေလည်းဖျက်ဆီးတယ်ပေါ့။ ရှိတဲ့အိမ်တွေကြတော့လည်း ဒီအတိုင်းအခွံပေါ့ဗျာ၊ မရှိတဲ့အိမ်ကြတော့လည်း လုံးဝကိုမရှိတော့ဘူး။ မီးရှို့သွားတဲ့ အိမ်တွေကလည်းများတယ်။ ဒေသခံပြည်သူတွေကတော့ ရွာထဲမှာ ၃၀ ကျော် ၄၀ လောက်ပဲ ရောက်သေးတယ်။ မလာရဲတဲ့အပိုင်းလည်း ရှိတာပေါ့။ ကျနော်တို့ဝမ်းနည်းကြေကွဲရတာပေါ့။ စိတ်လည်းမကောင်းဘူးပေါ့။ ကိုယ့်ပစ္စည်းတွေလည်း ဒီလိုဖြစ်ခဲ့တာဆိုတော့ အဲ့လိုမျိုးတော့ ခံစားရပါတယ်။ စားဝတ်နေရေးရှိတယ်ဆို ပြန်လည်ထူထောင်ရေးအတွက် တဖြည်းဖြည်းတော့ဖြစ်သွားမှာ၊ ရေတွင်းရေကန်တွေလည်း အကုန်ဖျက်ဆီးသွားတာဆိုတော့ ရေတွင်းရေကန်တူးဖော်ဖို့ရယ်၊ နေရေးထိုင်ရေးလေးတွေရယ် အဲ့လိုလေးတော့ ရချင်တယ်။”

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်က တပ်သားအင်အားချည့်နဲ့လာတာကြောင့် နောက်ပိုင်းမှာ ပျူစောထီးတွေကို အဓိကထား အသုံးပြုနေတာပါ။ အမာခံပျူစောထီးရွာတွေကို စံပြကျေးရွာတွေအဖြစ်သတ်မှတ်ပေးပြီး ရွာအလိုက် လက်နက်တပ်ဆင်ပေးတာတွေကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့မှာ စိုက်ပျိုးရွာသီ ၄ ခုမြောက်လာတဲ့အထိ ယာခင်းတွေကို မစိုက်ပျိူးနိုင်ခဲ့တာနဲ့ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် ဒေသတွင်းထွက်ကုန် ဝမ်းစာရိက္ခာတွေ မရှိသလောက် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ နယ်ခံပြည်သူတွေက ပြောပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013