DVB Logo
Home
မြန်မာသတင်း
မွန်-ကရင်အစပ်တွင် လက်နက်ကြီးထိပြီး ပြည်သူ ၁ ဦးဒဏ်ရာရ၊ တိုက်ပွဲကြောင့် ကုန်သွယ်ရေးခက်ခဲ
DVB
·
June 1, 2024
မွန်-ကရင်အစပ်တွင် လက်နက်ကြီးထိပြီး ပြည်သူ ၁ ဦးဒဏ်ရာရ၊ တိုက်ပွဲကြောင့် ကုန်သွယ်ရေးခက်ခဲ
1 / 4
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်အစပ် ကျိုက်မရောမြို့နယ်နဲ့ ကျိုက်ဒုံမြို့နယ်အတွင်းမှာ ဂ‌ဠုန်စစ်ကြောင်းက ကရင်လက်နက်ကိုင်အဖွဲ့နဲ့ မွန်လက်နက်ကိုင်အဖွဲ့တို့နဲ့အတူ မေ ၂၅ ရက်နဲ့ ၂၆ ရက်မှာ လမ်းပိုင်းစစ်ဆေးနေစဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အတွင်းမှာ မေ ၂၅ ရက်က ဂဠုန်စစ်ကြောင်းနဲ့ KNU တပ်မဟာ ၆၊ KNDO တပ်ရင်း ၆ ပူးပေါင်းတပ်ဖွဲ့တွေက လမ်းပိုင်းလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် ရှောင်တခင် ဝင်ရာက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာလည်း မေ ၂၆ ရက်က နယ်မြေစိုးမိုးရေး၊ လမ်းပိုင်းလမ်းခြုံရေးအတွက်နဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မှုရှိမရှိ ဂဠုန်စစ်ကြောင်းနဲ့ မွန်လွတ်မြောက်ရေးတပ်မတော် MLA တို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ပါတယ်။

ဂဠုန်စစ်ကြောင်း တပ်ရေးဗိုလ်ကြီး ရဲဘော်ဘဲဥက “ကျနော်တို့ စိုးမိုးနယ်မြေဖြစ်တဲ့ ဒီဘက် ကျုံဒိုဘက်ခြမ်းနဲ့ ဟိုဘက် ကျိုက်မရောဘက်ခြမ်းက ခရိုင်ချင်းဆက်လမ်းတွေ၊ မြို့နယ်ချင်းဆက်လမ်းတွေမှာ စစ်ဆေးတာ။ အဓိက စစ်ဆေးတာက ကျနော်တို့ စိုးမိုးနယ်မြေအတွင်း စစ်ကောင်စီ ဝင်ရောက်မှုရှိမရှိရယ်၊ ကားတွေမှာ လက်နက်မှောင်ခိုတွေ ပါမပါ၊ စစ်ကောင်စီနဲ့ ပတ်သက်သူတွေကို အဓိကထား စစ်ဆေးတာ။ ကျနော်တို့ စိုးမိုးနယ်မြေအတွင်း ပြည်သူ အေးအေးချမ်းချမ်း နေထိုင်ဖို့အတွက် ရန်သူတွေ ဝင်ရောက်မှုမရှိဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာ စစ်ဆေးနေချိန်အတွင်း စစ်ကောင်စီလက်အောက်ခံ ခမရ ၂၀၈ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အလုပ်သမားတန်းလျားနှစ်ခု ပျက်စီးခဲ့ပြီး အမျိုးသားတဦး ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဂဠုန်စစ်ကြောင်း တပ်ရေးဗိုလ်ကြီး ရဲဘော်ဘဲဥက “သူတို့ဘက်မှာလည်း အထောက်တော်တွေရှိတယ်။ ကျနော်တို့စစ်မယ်ဆိုပြီး စရောက်ရောက်ချင်းပဲ အဲနေရာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ။ နောက်ထပ်လည်း လက်နက်ကြီး နှစ်ကြိမ် ထပ်ပစ်တာ။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပေမဲ့ ပြည်သူတဦး ဒဏ်ရာရတယ်။ တန်းလျားနှစ်ခုထဲက တခုက လုံးဝပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတဝိုက်လည်း စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ်လမ်းကြောပိတ်ပြီး ကုန်သွယ်ရေးလမ်း ပျက်စီးတာကြောင့် ခရီးသွားတွေ ခက်ခဲစွာ သွားနေကြရသလို ကုန်စည်ပို့ဆောင်ရာမှာလည်း ခက်ခဲနေတယ်လို့  မြန်မာကုန်သည် တဦးက ပြောပါတယ်။

မိုးကာလ စတင်လာပြီး မိုးရွာသွန်းတာကြောင့် မြေနီလမ်းဟာ ဗွက်လမ်းဖြစ်နေတာ သွားလာရေး ခက်ခဲလာပြီး ကုန်စည်သယ်ဆောင်ရာမှာ ကြန့်ကြာရတယ်လို့ သိရပါတယ်။

မြဝတီ-ကော့ကရိတ်တိုက်ပွဲကြောင့် အာရှလမ်းကို အသုံးမပြုတော့ဘဲ ထို့ကော်ကိုးလမ်းကို ကုန်သည်တွေက အသုံးပြုပြီး လမ်းအခြေအနေ တခုကြောင့် မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို တော့ မြဝတီမှ ကော့ကရိတ်အဆင်းကိုတော့ တော်လှန်ရေးအဖွဲ့က  ကားကြီးတွေကို ယာယီ အဆင်းကို ခွင့်ပြုထားတယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုန်စည် တင်ပို့/တင်သွင်းမှုဟာ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရာနှုန်းပြည့် မြန်ဆန်ခဲ့ပြီး  စစ်အာဏာသိမ်းနောက်ပိုင်း တိုက်ပွဲတွေကြောင့် ငွေကြေးနဲ့ ကုန်စည်တွေ ဆုံးရှုံးတာ တွေ ကြုံတွေခဲ့ရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မွန်-ကရင်နယ်စပ်မှာ မတ်လတည်းက စစ်ကောင်စီနဲ့ တော်လှန်‌ရေးတပ်ဖွဲ့တွေ‌ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၃၀ ကျော်သေဆုံးပြီး ၅၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013