DVB Logo
Home
မြန်မာသတင်း
NLD ပါတီ နာယက ဦးတင်ဦး အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှု ခံယူနေရ
DVB
·
May 31, 2024
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး သူရဦးတင်ဦးဟာ ကျန်းမာရေး အခြေအနေ စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ဆောင်မှာ တက်ရောက် ဆေးကုသမှု ခံယူနေရပြီး မတ် ၃၁ ရက် ဒီကနေ့မှာတော့ အနည်းငယ် တိုးတက်လာပေမဲ့ အရေးကြီးတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆေးရုံမှာ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ တဦးက DVB ကို ပြောပါတယ်။

အသက် ၉၈ နှစ်အရွယ် သူရဦးတင်ဦးဟာ မေ ၂၉ ရက်ကစပြီး ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်မှာ တက်ရောက်ဆေးကုသမှု ခံယူခဲ့ပြီး အဲဒီကနေတဆင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပါတယ်။

ဦးတင်ဦးကို ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့သူတဦးက “ဒီနေ့က နည်းနည်းသက်သာတယ်။ ဒါပေမဲ့ အရေးကြီးအဆင့်မှာရှိတယ်။ ICU ထဲမှာမှ အထူးကြပ်မတ်ဆောင် မှန်လုံခန်းထဲမှာရှိတယ်” လို့ ပြောပါတယ်။

ဦးတင်ဦးကို အောက်စီဂျင်ပေးထားရပြီး လက်ရှိ သတိရှိနေဆဲဖြစ်ကာ မိသားစုဝင်တွေက စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။

ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့သူတဦးက “အခု အဘကျန်းမာရေးကတော့ အောက်စီဂျင် ပေးထားရတာပေါ့နော်။ နှာခေါင်းကနေတဆင့် အုပ်ထဲကို တခါထပ်ပေးထားရတာပေါ့။ မနေ့ကထက်စာလို့ရှိရင်တော့ နည်းနည်းတော့ သက်သာလာတဲ့ အနေအထား ရှိတာပေါ့။ လောလောဆယ် ချွှဲတွေကြပ်နေလို့ ချွဲထုတ်ပေးရတယ်။ ချွဲထုတ်လိုက်တယ်ဆိုရင် နည်းနည်းသက်သာတယ်။ ၄ နာရီတကြိမ် ထုတ်တာပေါ့။ မနက်က ၆ နာရီမှာ တခါထုတ်တယ်။ အခု ၁၀ နာရီမှာ တခါထပ်ပြီး ဆရာဝန်ကြီးတွေ လာကြည့်တယ်။ ဆရာဝန်ကြီးတွေ လာကြည့်တဲ့အချိန်ရောက်တော့ ကျနော်တို့ အပြင်ပြန်ထွက်လာပြီပေါ့။ လောလောဆယ်ကတော့ အသက်ရှူတာတော့ နည်းနည်း ခတ်ပြင်းပြင်းလေးရှူတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ နှလုံးနဲ့ ကျောက်ကပ်ပါ ထိခိုက်တဲ့အခြေအနေ ရှိတယ်လို့ ဆရာဝန်က ပြောပြတဲ့အကြောင်းလည်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကလည်း မနေ့ည ၉ နာရီ မိနစ် ၄၀ အထိ ဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်ကြောင်းနဲ့ အခြေအနေ တစုံတရာ တိုးတက်မှုရှိပေမဲ့ စိုးရိမ်ရဆဲလို့ ပြောလို့ရကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးတင်ဦးဟာ ၂ဝ၁၇ ခုနှစ်မှာ နေအိမ် ရေချိုးခန်းထဲမှာ ချော်လဲပြီး လေဖြတ်ဝေဒနာ ခံစားရချိန်ကစလို့ အခုထိ စကားကောင်းကောင်း မပြောနိုင်တော့ပါဘူး။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်တည်ထောင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013