DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၀၀၀ ကျော်သေဆုံး၊ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်
DVB
·
May 29, 2024
စစ်တပ်က အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၀၀၀ ကျော်သေဆုံး၊ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်
Donate to DVB

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဒီဇင်ဘာအထိ ၃ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကျူးလွန်တာကြောင့် နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၂၁၀၊ ပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းက ၁၀၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

အဲ့ဒီဖြစ်စဉ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းမှာဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ပေါင်း ၁၀၈ ကြိမ်အထိ ရှိခဲ့ကာ သေဆုံးသူ ၁၀၅၄ ယောက်အထိ ရှိခဲ့ပါတယ်။ ၂၀၂၃ ဒီဇင်ဘာ နောက်ပိုင်းကနေ လက်ရှိအချိန်ထိလည်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက နိုင်ငံတဝန်းမှာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။ 

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မေ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာ ၃၃ လောင်းပြိုင် သတ်ဖြတ်မှုမှာ ခင်ပွန်းနဲ့ သားဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ လက်ထုတ္တောရွာသူတယောက်က အခုလို ပြောပါတယ်။

“မေးမေးမြန်းမြန်းမရှိဘူး၊ တခါတည်း လက်နက်ကြီးတွေနဲ့ပစ်ဝင်တာ၊ ဖမ်းပြီးတော့ ယောကျ်ားလေးတွေ တခါတည်းသတ်ပစ်တာရယ်။ မင်းအောင်လှိုင်လက်ချက်ကြောင့် သားရော ယောကျ်ားရော သေသွားပြီ။ ခုကြတော့ တော်လှန်ရေးဘက်က နိုင်ပါစေ အောင်ပါစေလို့ အမြဲဆုတောင်းနေပါတယ်။"

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေဟာ တိုက်ပွဲဖြစ်ပွားနေတုန်းနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန်၊ လေကြောင်းတိုက်ခိုက်ခံရချိန်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေကြောင့် ဖြစ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဖော်ပြပါတယ်။ 

ဒီဖြစ်စဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြေပြင်တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာတရားရုံးကို တင်ပြပြီး စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ကြိုးစားနေပေမဲ့ လက်ရှိအချိန်အထိတော့ တစုံတရာ အကျိုးသက်ရောက်တာ မရှိသေးပါဘူး။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “စစ်ကောင်စီကတော့ ပြည်သူကို အကြောက်တရားဝင်သွားအောင်၊ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့ကြားမှာ ကင်းကွာသွားအောင်၊ ပြည်သူကို နိုင်ထက်စီးနင်းသတ်ဖြတ်တယ်လို့ ဒီလိုပဲ ပြောရလိမ့်မယ်။ ပြည်ထောင်စုအဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာန အသီးသီးကလည်း မှတ်တမ်းမှတ်ရာယူထားသလို တချို့သော ကိစ္စရပ်ကတော့ မူဝါဒပိုင်းဆိုင်ရာအရ ပြည်ထောင်စုအစိုးရ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်က ဆောင်ရွက်ရမယ့် ဟာတွေရှိတယ်။ ကျနော်တို့ ယူနစ်လွှတ်တော်ဘက်ကလည်း ကျနော်တို့လုပ်နိုင်တဲ့အလုပ်က မှတ်တမ်းကောက်ယူတာ၊ စစ်တမ်းကောက်ယူတာမျိုးတွေ ဒါမျိုးတွေ ပြင်ဆင်ထားပါတယ်။ နစ်နာသွားတဲ့ ပြည်သူတွေကို ပြန်လည်ကုစားနိုင်ဖို့ တချိန်ကြရင် ကျနော်တို့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်အလက်တွေရဖို့ ဆုံးရှုံးနစ်နာမှုတွေ မှတ်တမ်းတင်ဖို့ ဒါတွေအားလုံးကို ကျနော်တို့ လွှတ်တော်ကနေပြီးတော့ ပြုစုထားတယ်ပေါ့။ မြေပြင်အခြေအနေဟာကို လွှတ်တော်ဘက်ကနေပြီးတော့ အားထည့်ပြီးတော့ လုပ်ပေးဖို့ ကျနော်တို့ကိုယ်တိုင်လည်း တာဝန်ပေးထားတာရှိတယ်၊ အသိအမှတ်လည်းပြုထားတယ်၊ အဲ့ဒီလိုတွေတော့ ကျနော်တို့ဆောင်ရွက်ထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ ချင်း၊ မကွေးတိုင်းတို့မှာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦတွေပါမချန် လေကြောင်းတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူအမြောက်အမြား အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေ ၂၈ ရက်အထိ မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းမှာ ပြည်သူ ၅,၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂ သောင်းကျော် ဖမ်ဆီးတရားစွဲဆို ထောင်ချခံနေရပါတယ်။ သုတချမ်းသာ

ဆက်စပ်သတင်းများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013