DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ခုရှိ
DVB
·
March 15, 2023
၂ နှစ်ကျော်အတွင်း စစ်တပ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ခုရှိ
Donate to DVB

အကြမ်းဖက်စစ်အုပ်စုဟာ နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်နဲ့ မသန်စွမ်းတွေ အပါအဝင် ပြည်သူလူထု ၃,၁၂၄ ယောက်ကို နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်ခဲ့တဲ့အပြင် အဆိုပါ သတ်ဖြတ်မှုတွေအတွင်း အရပ်သားပြည်သူ ၇၆၆ ယောက် သေဆုံးခဲ့ရတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၆၄ ခုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

စစ်ကောင်စီ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မတ် ၁၅ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပြီး NUG အစိုးရအနေနဲ့ ပြည်သူလူထုက လွှဲအပ်ထားတဲ့ အုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးနေတဲ့ တရားဝင်အစိုးရတရပ် ဖြစ်တာနဲ့အညီ တရားမဝင် အကြမ်းဖက် စစ်အုပ်စုရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ အလိုတူအလိုပါ အဖွဲ့အစည်းတွေ၊ အားပေးအားမြှောက်ပြုတဲ့ အဖွဲ့အစည်းတွေ အားလုံးကို အစိုးရနည်းနာနဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ တာဝန်ရှိတာကြောင့် အဆိုပါတာဝန်ကို တော်လှန်ရေးအပေါ် သစ္စာပြုကာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သလို မြန်မာနိုင်ငံရဲ့ တခုတည်းသော တရားဝင် ပြည်သူ့အစိုးရဖြစ်တဲ့ NUG အစိုးရကလည်း ၂၀၂၁ ခုနှစ် ဇွန် ၇ ရက်ကတည်းက စစ်ကောင်စီနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ထပ်ဆင့်သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကတဆင့် ပေါ်ပေါက်လာမယ့် လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေက ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေ ဖြစ်လာမှာမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ၊ ကိုယ်စားပြု ရုပ်သေးရုပ်တွေ၊ ရုပ်သေးအစုအဖွဲ့တွေသာ ဖြစ်လာမယ်လို့လည်း NUG အစိုးရက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ အပေါင်းအပါတွေဟာ မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နဲ့ တိုင်းအသီးသီးတို့မှာ သူတို့ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ပြည်သူလူထု အိုးအိမ်စည်းစိမ်တွေကို လုယက်ဖျက်ဆီးမှုတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့အတူ သူတို့ဟာ အကြမ်းဖက်အုပ်စုသက်သက်သာ ဖြစ်ကြောင်းကို သက်သေပြနေသလို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတချို့အတွက် နိုင်ငံတကာဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အစုအဖွဲ့တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူထားတဲ့ အချိန်ကာလအတွင်း ထုတ်ပြန်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေတွေအားလုံးဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သကဲ့သို့ သူတို့ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ အဖွဲ့အစည်းတွေ အားလုံးဟာလည်း အကြမ်းဖက်လက်အောက်ခံ အဖွဲ့အစည်းတွေအဖြစ် အလိုအလျောက် ကျရောက်ပြီး ဖြစ်တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ပြဋ္ဌာန်းတဲ့ ရွေးကောက်ပွဲဥပဒေဟာလည်း တရားဝင်မှုမရှိဘဲ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာလည်း အကြမ်းဖက်လက်အောက်ခံ အဖွဲ့အစည်းအဖြစ် ကျရောက်နေတယ်လို့ ဆိုပါတယ်။

ဥပဒေအဖြစ် ရောက်ရှိခြင်းမရှိဘဲ ပျက်ပြယ်ပြီးဖြစ်တဲ့ စာရွက်စာတမ်းတခုဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေပါ သတ်မှတ်ချက်တွေကို လိုက်နာပြီး အကြမ်းဖက်လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ဆီ သွားရောက်မှတ်ပုံတင်တာက ဘယ်လိုအကြောင်းပြချက်တွေ ရှိစေကာမူ ပြည်သူ့ဆန္ဒကို သွေဖည်ဆန့်ကျင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ဖြစ်တည်မှုကို အတိအလင်း လက်ခံလိုက်တာဖြစ်တဲ့အပြင် အကြမ်းဖက်စစ်အုပ်စု အလိုကျ အတူတကွ လိုက်ပါအသုံးချခံကာ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုတာပဲ ဖြစ်တယ်လို့ NUG အစိုးရက ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာအကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ပိုမိုဆိုးဝါးတဲ့ ပဋိပက္ခတွေကို ဦးတည်နေတဲ့အတွက် လုံးဝ ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ပြီး မြေပြင်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို လက်တွေ့ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်တွေရဲ့ ဖိုရမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်ကနေ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ ASEAN Parliamentarians for Human Rights (APHR) အဖွဲ့ဝင်များဖိုရမ် အစည်းအဝေးကိုတော့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဝင်းမြတ်အေးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)  အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013