
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ ယူကရိန်းနဲ့ ၃ ရက်ကြာ အပစ်ရပ်ရေး အဆိုပြုချက်ကို ရုရှားဘက်က လက်ခံလိုက်ပါတယ်။
မေ ၉ ရက်ကနေ ၁၁ ရက်အထိ အပစ်ရပ်ကာလအတွင်း နှစ်ဖက်စလုံးက စစ်အကျဉ်းသား ၁,၀၀၀ စီ လဲလှယ်သွားမယ်လို့ ကရင်မလင် အကြံပေး ယူရီအူရှာကို့ဗ်က မေ ၈ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်က ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့နေ့ အထိမ်းအမှတ်အဖြစ် ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ ၃ ရက် ကြာ အပစ်ရပ်ဖို့ လူမှုကွန်ရက်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က “ရုရှားဘက်ကထရမ့်ပ်ရဲ့ အပစ်ရပ်စဲရေးအဆိုကို လက်ခံတယ်ဆိုတာ သမ္မတ ပူတင် ကိုယ်စား အတည်ပြုပါတယ်။
ဒီသဘောတူညီချက်ကို အမေရိကန်အစိုးရနဲ့ ဖုန်းဆွေးနွေးမှုအတွင်း ရရှိခဲ့တာဖြစ်ပြီး အမေရိကန် ဘက်ကလည်း ယူကရိန်းအစိုးရနဲ့ ဆက်သွယ်ထားပါတယ်” လို့ ပြောပါတယ်။
ဒါဟာ မကြာသေးခင်က ရုရှားနဲ့ အမေရိကန် သမ္မတ ၂ ယောက် ဖုန်းပြောဆိုမှုရဲ့ နောက်ဆက်တွဲ သဘောတူညီချက်လည်း ဖြစ်ပါတယ်။
Source:Reuters










