DVB Logo
Home
မြန်မာသတင်း
ကလေး ကျောက်ချပ်ရွာကို လေကြောင်းတိုက်ခိုက်၊ မြိုင်နယ်တွင် အပြန်အလှန် ပစ်ခတ်
DVB
·
May 28, 2024
ကလေး ကျောက်ချပ်ရွာကို လေကြောင်းတိုက်ခိုက်၊ မြိုင်နယ်တွင် အပြန်အလှန် ပစ်ခတ်
Donate to DVB

ကလေးမြို့နယ် ကျောက်ချပ်ရွာမှာ ခဏဝင်နားတဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကို စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မြိုင်နယ်မှာတော့ စစ်ကောင်စီနဲ့ PDF တွေ အပြန်အလှန်သွေးတိုးစမ်းပစ်ခတ်မှုတွေ ဆက်တိုက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ကို မေ ၂၃ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/CNA က အတည်ပြုထားတာပါ။ 

မေ ၂၆ ရက်မှာ ချင်းပြည်မြောက်ပိုင်းကနေ ကလေးမြို့နယ်ဘက်ကို ပြန်လာပြီး တော်လှန်ရေး အင်အားစုတွေ ခဏဝင်ရောက်အနားယူတဲ့ ကျောက်ချပ်ရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

တွန်းဇံမြို့နဲ့ ကျီခါးမြို့တွေကို သိမ်းယူရာမှာ ပါဝင်ကူညီခဲ့တဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ သက်ဆိုင်ရာဒေသတွေကို ပြန်ချိန်မှာ စစ်ကောင်စီက သတင်းထောက်လှမ်းပြီး ကြားဖြတ် တိုက်ခိုက်တာတွေ ပြန်လည်ပြုလုပ်နေတာပါ။

လေးမြို့နယ်ဒေသခံတဦးက “ကျောက်ချပ် ချင်းရွာလေးမှာ ကြဲသွားတာဗျ။ ကလေးက မဟုတ်ဘူး။ တံတားဦးက တက်ခဲ့တာပါ။ အိမ်ခြေကတော့ ၈၀-၉၀ ဝန်းကျင် ရှိတယ်။ ခုလောလောဆယ်ကတော့ စစ်ရှောင်တွေ ဗမာတွေလည်းတော်တော်များနေတယ်။ စာသင် ကျောင်းဝင်း ပတ်ချာလည်ပေါ့။ အဲဒီမှာ ကြဲတယ် အားလုံး ၃ လုံး။ ပေါင် ၂၅၀ လို့ သိရတယ်။ တော်တော်ကျယ်တယ်လေ အသံ။ တလုံးနဲ့တလုံး အနည်းဆုံး ၃ မိနစ်လောက်ကိုခြားတယ်။ တလုံးချသွားပြီးရင်း နောက်တလုံးပြန်ပတ်လာရင်း ချသွားရင်း အဲ့ဒီလိုလေ။ ဘာကြောင့်ကြဲသလဲဆို ကျနော်တို့သိရသလောက်ကတော့ တွန်းဇံကိုသိမ်းပြီးတော့မှ တပ်ပေါင်းစုတွေ ပြန်လာတဲ့အချိန်ပေါ့။ အဲ့ဒီမှာ သူတို့ရွာကိုရောက်နေတဲ့အချိန် ထမင်းချက်ကျွေးနေတဲ့အချိန်မှာ အဲ့ဒီလို ကြဲတယ်လို့ သတင်းသိရတယ်” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်မှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်အပြန်အလှန် အလစ်အငိုက် စောင့်နေကြပြီး သွေးတိုးစမ်းပစ်ခတ်တိုက်ခိုက်နေကြတယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

မေ ၁၇ ရက် ညနေပိုင်းမှာ PDF ပူးပေါင်းအဖွဲ့တွေက ပခုက္ကူခရိုင်၊ မြိုင်မြို့ပေါ်က မီးသတ်ရုံးနဲ့ AGD ဘဏ်နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း PDF တွေရဲ့ ဂိတ်စခန်းတွေကို အလစ်ချောင်းတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်ဒေသခံတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အလစ်အငိုက်ကို သူတို့သတင်းယူပြီးတော့ စစ်ဆေးရေးဂိတ်တွေကို ဝင်စီးတဲ့အနေအထားတွေ တော့ ရှောင်တခင်လုပ်လာတာတွေ့ရတာပေါ့။ စစ်ရေးအနေနဲ့တော့ လတ်တလောမှာ သူ့နေရာနဲ့သူ နေပြီးတော့ သူတို့ကလည်း စစ်ကြောင်းထွက်တဲ့အနေအထားမရှိဘူး။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ထူးခြားတဲ့စစ်ရေးလှုပ်ရှားမှုမျိုး လတ်တလောအခြေအနေတော့ ရှိမနေဘူးပေါ့” လို့ ပြောပါတယ်။

မကွေးတိုင်းဟာ လက်နက်ကိုင်တော်လှန်ရေးအစမှာ စစ်ကောင်စီရဲ့ ဖိအားပေး တိုက်ခိုက်တာကို ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းဘက်ကို စစ်ဦးလှည့်သွားခဲ့တာပါ။ လတ်တလောမှာတော့ စစ်ကောင်စီက စစ်သားအင်အားထက် ပျူစောထီးတွေရဲ့အားကိုသုံးပြီး မကွေးတိုင်းထဲမှာ နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတဦးက “မြိုင်နယ်မှာလည်း PDF တွေ အားကောင်းလာတယ်။ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာတော့ ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူ၊ ဆိပ်ဖြူ ၅ မြို့နယ်လုံးက အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်တာကိုတော့ တွေ့ရတယ်။ စကစ အနေနဲ့ကတော့ ပျူရွာတွေ ထောက်ပံ့ရေးလုပ်တာတောင်မှ နောက်ပိုင်းကြလို့ရှိရင် ယာဉ်တန်းတွေနဲ့ အသုံးမပြုရဲဘဲနဲ့ ဟတ်စကီးတွေနဲ့ ရိက္ခာချတာတွေ ဘာတွေအထိ တွေ့ရတယ်ပေါ့။ မြို့ပေါ်တွေမှာတော့ စိုးမိုးထားဆဲပေါ့။ ပခုက္ကူမှာကြတော့လည်း တပ်မအထိုင်ရှိတဲ့အခါကြတော့ ပြောက်ကျားပဲ ဒလန်ရှင်းတဲ့ အဆင့်လေးတွေဝင်လုပ်တဲ့ အနေအထားလေးတွေပဲ ရှိတဲ့သဘောပေါ့” လို့ ပြောပါတယ်။

Data For Myanmar အဖွဲ့ရဲ့ ၂၀၂၄ ဧပြီလကုန်အထိစုစည်းထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့တွေက မီးရှို့တာကြောင့် နိုင်ငံတဝန်းမှာ နေအိမ် ၈ သောင်း ၈ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပြီး အဲ့ဒီအထဲမှာ အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တွေက ပြည်သူ့နေအိမ်တွေ အများဆုံးပါဝင်ခဲ့ပါတယ်။ 

ကုလနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာလူသားစာနာအဖွဲ့တွေက စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ကြိုးစားမှုတချို့ရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မြေပြင်မှာ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို အကူအညီတွေ လက်ရှိအချိန်အထိ မရောက်နိုင် ဖြစ်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013