
မကွေးတိုင်း မြိုင်မြို့နယ်တောင်ခြမ်း ကမ္မမြို့ စက်မှု ၂ နဲ့ မြိုင်နယ် အနောက်မြောက်ခြမ်း ကျောက်ခွက်ရေနံမှော်အနီး တဲကြီးကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ကြောင်းကို အင်အားထပ်ဖြည့်ဖို့ စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၈ ရက်ကစပြီး တပ်သားအင်အား ၄၀၀ ဝန်းကျင် ထပ်မံစေလွှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၁၃ ရက်မှာ စတင် ဖိအားပေး တိုက်ခိုက်ခဲ့ပြီးနောက် ရွာထဲမှာ ပိတ်မိနေတဲ့ စစ်ကြောင်းကို တပ်ကူပေးဖို့ ပခုက္ကူ တပ်မ ၁၀၁ က တပ်သားတွေကို စစ်အာဏာရှင်က ထပ်မံစေလွှတ်ခဲ့တာပါ။
မေလကတည်းက မြိုင်နယ်ကို တပ်သားအင်အား ၅၀၀ ကျော် အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ကြားထဲမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာကြောင့် စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး လက်ကျန်အင်အားနဲ့ အခုထပ်ပို့လိုက်တဲ့ အင်အားတွေ ပေါင်းရင် မြိုင်နယ်ထဲမှာ အနည်းဆုံး စစ်သားအင်အား ၈၀၀ ကျော်အထိ ရှိနေတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
မြိုင်ဒေသခံတယောက်က “တပ်ကူလာတဲ့ဟာကိုတော့ ကြားဖြတ်တိုက်ခိုက်နေတာ ရှိတာပေါ့နော်။ အခုလောလောဆယ်တော့ ဒီစစ်ကြောင်းလာတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေတာပေါ့။ တွင်းမပျူရွာက ၁၀၁၀ ကနေ ရောက်လာတဲ့ စစ်ကြောင်းက တွင်းမ၊ ကမ္မ အဲဒီဘက်မှာ ရောက်နေပြီ။ ဒီဦးတည်ချက်ကတော့ တဲကြီးရွာမှာ ပိတ်မိနေတဲ့ စစ်ကြောင်းကို ထပ်ဖြည့်ဖို့ရော၊ နောက်ပြီးကြတော့ သူတို့ မှော်ထဲကို ဦးတည်ချက်ရှိတာဆိုတော့ မှော်ထဲကို ဆက်ထိုးဖို့ရော ခန့်မှန်းရတယ်ပေါ့၊ ယူဆရတယ်ပေါ့။ စစ်ကြောင်းတလျှောက်လုံးမှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ များပါတယ်။ ရဲဘော်တွေ တော်လှန်ရေးသမားတွေကို သတ်ဖြတ်တာတော့ သိပ်မရှိပါဘူး။ ပွဲအတွင်းမှာပဲ သူတို့မိရင် သတ်တယ်။ အဲဒါပဲရှိတယ်။ စစ်ကြောင်းက ဦးတည်ချက်အတိုင်း မသွားနိုင်ရင်တော့ ပြည်သူတွေကို ပြန်ပြီး ဒုက္ခပေးတာတွေ ရှိတာပေါ့။ စစ်ရေးအခြေအနေအရဆိုရင်တော့ နယ်မြေကိုတော့ သူတို့ မထိန်းနိုင်အောင်တော့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
ရေနံမှော်တွေအနီး တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖိအားပေး တိုက်ခိုက်တာကြောင့် အောက်တိုဘာ ၁၃ ရက် နောက်ပိုင်းမှာ စစ်အာဏာရှင်တပ် လက်နက်ကြီးအထိုင်တခု ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု များခဲ့တာပါ။
ပေါက်နဲ့ မြိုင်နယ်အစပ်က ရေနံမှော်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၄ မတ်လကတည်းက ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
မကွေးဒေသတွင်း တော်လှန်ရေးအစုအဖွဲ့တွေရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်တယ်လို့ ယူဆတာကြောင့် စစ်အာဏာရှင်တပ်က ရေနံမှော်ဒေသကို ပြန်မထိန်းချုပ်နိုင်ရင်တောင် ရေနံလုပ်ကွက်တွေကို ဖျက်ဆီးနိုင်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။
မြိုင်ဒေသခံတယောက်က “ဒီရေနံဝင်ငွေကနေ တော်လှန်ရေးလက်နက်ကိုင်တွေ ဝင်ငွေများများ စီးဆင်းပြီး ရနေတယ် ဆိုတဲ့ဟာကို ဖြတ်တောက်ချင်တဲ့ အဓိပ္ပာယ်ပါပဲ။ မျှခြေတွက်ရရင်တော့ ပြည်သူလူထု ဝင်ငွေကပဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ မှော်တွေမှာ တချို့ နားလိုက်ရတာတွေ၊ ဝင်ပြီးတော့ အလုပ်လုပ်ကိုင်ခွင့် ပေးလို့မရတာတွေ ရှိတော့ ပြည်သူလူထု ဝင်ငွေစီးကြောင်း ရပ်တာကပဲ ပိုများမယ်ပေါ့နော်။ ကျန်တဲ့ လက်နက်ကိုင်တော်လှန်ရေးအပိုင်းကတော့ ထူးထူးခြားခြားကြီး ရပ်တန့်သွားတာ နှောင့်နှေးသွားတာ မရှိနိုင်ပါဘူး” လို့ ပြောပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်အနီးက တဲကြီးကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး တဲကြီးရွာအနီးက ရေနံတွင်းငယ်တွေကို မိုင်းခွဲတာ၊ မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
စက်တင်ဘာလကုန်ပိုင်း စစ်အာဏာရှင်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မကွေးတိုင်း ပခုက္ကူခရိုင်ထဲက ရေနံလုပ်ကွက် ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဇွန်လဆန်းပိုင်းကစပြီး မြိုင်နယ်ထဲကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ ဒေသတွင်း ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးပြီး အရပ်သား ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်တွေဟာ မြိုင်နယ်ပတ်ခြာလည်မှာ အင်အားဖြည့်တင်းနေတာဖြစ်ပြီး မြိုင်နယ် မြောက်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ဘက်ခြမ်းမှာ အင်အားအများအပြား အသုံးပြုနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး အားလုံး ပိတ်ဆို့လုနီးပါး ဖြစ်နေပါတယ်။
သုတချမ်းသာ











