DVB Logo
Home
မြန်မာသတင်း
အလုပ်ကြိုးစားသည့် မြန်မာအိမ်ဖော်အတွက် ထိုင်းအလုပ်ရှင်က အိမ်ဆောက်ပေး
DVB
·
May 20, 2024
အလုပ်ကြိုးစားသည့် မြန်မာအိမ်ဖော်အတွက် ထိုင်းအလုပ်ရှင်က အိမ်ဆောက်ပေး
Donate to DVB

ထိုင်းနိုင်ငံက အိမ်တအိမ်မှာ ၁၀ နှစ်ကြာ အလုပ်လုပ်ပေးခဲ့တဲ့ မြန်မာအိမ်ဖော် အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက နေအိမ်တလုံး ဆုချပေးခဲ့တယ်လို့ Sanook.com ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

‘ဖွန်’လို့ခေါ်တဲ့ မြန်မာအမျိုးသမီးဟာ သူ့ရဲ့ အမျိုးသားနဲ့အတူ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့ ဝင်လာခဲ့ပြီး လင်မယားနှစ်ယောက်လုံးဟာ ဆင်းရဲတဲ့ဘဝက လာကြတာမို့  အလုပ်မရွေး လုပ်ကိုင်ခဲ့ကာ မိန်းမဖြစ်သူက ထီရဖုန်းထေးဖတ်ထနဖွန်း ဆိုသူရဲ့အိမ်မှာ အိမ်ဖော်အဖြစ်ဝင်လုပ်ပြီး ယောကျ်ားဖြစ်သူကတော့ ပန်းရံအလုပ် လုပ်ကိုင်ခဲ့ပါတယ်။

‘ဖွန်’ ဟာ အဲဒီသူဌေးအိမ်မှာ သန့်ရှင်းရေးနဲ့ တခြားအိမ်အလုပ်တွေကို လုပ်ရတယ်၊ သူဟာ ယောကျ်ားနဲ့အတူ အလုပ်သမားတန်းလျားမှာ နေထိုင်ပြီး ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ အလုပ်ရှင်အိမ်ကို နေ့စဉ် မနက် ၈ နာရီခွဲ အရောက်လာတယ်၊ တရက်မှ နောက်ကျတယ်လို့ မရှိဘူး၊ အလုပ်ကြိုးစားတယ်၊ ရိုးသားဖြောင့်မတ်တယ်၊ သူ့အလုပ်ဟာ အိမ်ဖော်ဆိုပေမဲ့ သူ့အလုပ်ကိုသူ အထင်သေးတာ၊ သိမ်ငယ်တာ မရှိဘူး၊ အိမ်ဖော်အလုပ်ကို ဂုဏ်ယူစွာလုပ်တယ်၊ တန်ဖိုးထားတယ်၊ အိမ်ရှင်တွေက ပစ္စည်းပျောက်ရှတာရှိရင် မတွေ့တွေ့အောင် ကြိုးစားပြီး ရှာဖွေပေးတယ်လို့ အလုပ်ရှင်က သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကုမ္ပဏီဝန်ထမ်းတွေက ဖွန်ကိုတွေ့ရင် လက်အုပ်ချီပြီး တလေးတစား နှုတ်ဆက်တယ်၊ ဒါဟာ ကုမ္ပဏီပိုင်ရှင်က အတင်းလုပ်ခိုင်းတာ မဟုတ်ဘဲ သူတို့ဘာသာ လေးစားလို့ဖြစ်တယ်၊ ဖွန်က လူတိုင်းအပေါ် စေတနာထားလို့ လေးစားခံရတာဖြစ်တယ်။

အလုပ်သမားတန်းလျားမှာရှိတဲ့ သူတို့အိမ်ခန်းဟာ ကျဉ်းမြောင်းပြီး အလုပ်နဲ့ အလွန်ဝေးတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အလုပ်ရှင်က သူတို့လင်မယားကို အိမ်တလုံးဆောက်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အိမ်ပုံစံအမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ခိုင်းပေမဲ့ ဖွန်ကတော့ နေစရာရှိရင်ရပြီလို့ ပြောခဲ့ပါတယ်။ သူဟာ အလှူလုပ်ရတာလည်း ကြိုက်တယ်၊ အလုပ်ရှင်က “ဒီအိမ်ဟာ ဖွန်ရဲ့ ချွေးနည်းစာနဲ့ ရလာတဲ့အိမ်လို့ပဲ သဘောထားပါ။ ကြိုးစားမှု၊ သည်းခံမှုရဲ့ ရလဒ်တွေပဲ ဖြစ်တယ်။ လူဆိုတာ မိမိကိုယ်မိမိ တန်ဖိုးထားရင် တပါးသူကလည်း မိမိကို တန်ဖိုးထားမှာဖြစ်တယ်” လို့ ဖွန်ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေအိမ်ဟာ ဘယ်ခရိုင် ဘယ်မြို့နယ်မှာလဲဆိုတာ သတင်းမှာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ပရိုဖိုင်းအရ အလုပ်ရှင်ဟာ တိုင်းရင်းဆေးထုတ်လုပ်ရေးကုမ္ပဏီတခုကဖြစ်ပြီး ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ကလို့ ခန့်မှန်းရပါတယ်။

Source: Sanook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013