DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိသော်လည်း ရာဇသံပေးမှုကို လက်မခံဟု ရုရှားသမ္မတ ပူတင် ပြော
DVB
·
May 19, 2024
Donate to DVB

ရုရှားဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဘယ်တုန်းကမှ မငြင်းဆိုခဲ့ဖူးပေမဲ့ သူ့ရဲ့အနောက်တိုင်း ကြိုးကိုင်သူတွေရဲ့ လှုံ့ဆော်တဲ့အတိုင်း ဆွေးနွေးပွဲကို တိုတိုဖြတ်ချပြီး တိုက်ပွဲဝင်ဖို့ ရွေးချယ်ခဲ့တာလည်း ကိယက်ဗ်ပဲလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မေ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက်အဖြစ် ၂၀၂၂ ခုနှစ် နွေဦးရာသီတုန်းက ယူကရိန်းမြို့တော်အနီးရှိ သူ့တပ်ဖွဲ့တွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရုရှားဟာ လှည့်စားခံခဲ့ရတယ် လို့ ပူတင်က ၂ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ရဲ့ နောက်ဆုံးရပ်နားရာ ဟာပင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပူတင်က “စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်အတွက် အစ္စတန်ဘူလ်မှာ သဘောတူထားတဲ့ အချက်တွေ အခြေခံရှိထားပြီးသား ဖြစ်ပေမဲ့ ဒီသဘောတူညီချက်အားလုံးကို အမှိုက်ပုံးထဲ ပစ်ချခဲ့တာကလည်း ယူကရိန်းနဲ့ သူ့ရဲ့အနောက်အုပ်စု မဟာမိတ်တွေပဲ ဖြစ်တယ်”လို့ ပြောပါတယ်။

ပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ယူကရိန်း သဘောတူညီချက်ကိစ္စကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းအကျပ်အတည်း ပြေလည်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပြီး တရုတ်သမ္မတရှီက သူ့ရဲ့ မကြာသေးခင်က ဥရောပ (ပြင်သစ်၊ ဟန်ဂေရီနဲ့ ဆားဘီးယား) ခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကို ပြောပြခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ စိတ်ရင်းမှန်နဲ့ ကတိကဝတ်ပြုထားပြီး ရွေးချယ်စရာအမျိုးမျိုးကို အဆိုပြုခဲ့ကြောင်း၊ သမ္မတရှီရဲ့ ဒီကိစ္စအပေါ် ရပ်တည်ချက်ဟာလည်း ရိုးသားပြီး လိုက်လျောညီထွေရှိလို့ သဘောကျတယ်လို့လည်း ပူတင်က ဆိုပါတယ်။

ဂျီနီဗာမှာ ကျင်းပမယ့် ယူကရိန်းညီလာခံမှာ ရုရှားနိုင်ငံကို ဖိတ်ကြားထားခြင်း မရှိတာကြောင့် ဘယ်အခြေအနေအောက်မှာ ပါဝင်နိုင်မယ်ဆိုတာကို ခန့်မှန်းပြောဆိုဖို့ ပူတင်က ငြင်းဆန်ခဲ့ပါတယ်။

တကမ္ဘာလုံးက အယူအဆပါ ဆိုပြီးတော့ ရုရှားအပေါ် လက်မခံနိုင်တဲ့ အခြေအနေတွေ ပြဋ္ဌာန်းဖို့ ကြိုးပမ်းတာမျိုး၊ ယူကရိန်းဘက်က  ရာဇသံအဖြစ် တင်ပြတာမျိုးကို မော်စကိုက ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။

ယူကရိန်းမှာ အိုလံပစ် အပစ်အခတ်ရပ်စဲရေးကြေညာဖို့ အဆိုပြုချက်ကို ပူတင်က ချီးကျူးခဲ့ပေမဲ့ ဒီလို အပစ်အခတ်ရပ်စဲရေးကို ရှေးဂရိလူမျိုးတွေကသာ လိုက်နာခဲ့ကြကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013