DVB Logo
Home
မြန်မာသတင်း
ရက်ပိုင်းအတွင်း ဒေါ်လာဈေး ၄၀၀၀ ကျော်၊ ရွှေဈေး သိန်း ၅၀ နားကပ်လာ
DVB
·
May 15, 2024
ရက်ပိုင်းအတွင်း ဒေါ်လာဈေး ၄၀၀၀ ကျော်၊ ရွှေဈေး သိန်း ၅၀ နားကပ်လာ
Donate to DVB

သင်္ကြန်အပြီးကတည်းက တက်ရိပ်ပြနေတဲ့ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တရိပ်ရိပ်တက်လာပြီး မေ ၁၅ ရက် ဒီနေ့မှာတော့ တဒေါ်လာ ၄၀၀၀-၄၀၅၀ အထိ ရောက်လာခဲ့ပြီး ရွှေဈေးကတော့ တကျပ်သားကို ၄၉သိန်းခွဲ ရှိလာပြီဖြစ်ပါတယ်။

အဲဒီလို ပြင်ပ ရွှေဈေး မြင့်တက်နေပေမဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဈေးနှုန်းကတော့ ၃၉ သိန်း ၉ သောင်းပဲ ရှိပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၂၃၇၅ ဒေါ်လာ ရှိနေရာက မေ ၁၃ ရက်မှာတော့ တအောင်စကို ၂၃၄၃ ဒေါ်လာကို ကျသွားပြီး ဒီကနေ့မှာတော့ ၂၃၆၂ ဒေါ်လာကို ပြန်တက်လာပါတယ်။ 

ဗဟိုဘဏ်ကတော့ အခုလို ဒေါ်လာဈေးတက်တာဟာ ဒေါ်လာဈေးကစားသူတွေ၊ money changer တွေကြောင့် ဖြစ်ရတယ်လို့ ဆိုပြီး money changer တွေ အနေနဲ့ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ မရောင်းရင် အရေးယူမယ်လို့ မေ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

“အခုလို ဒေါ်လာဈေးတက်တာဟာ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်တာ၊ ပို့ကုန်တွေ ကျတာကြောင့် ဒေါ်လာရှားပါးလို့ ဖြစ်ရတာ။ ပြီးတော့ လူတွေက ကျပ်ငွေအပေါ် ယုံကြည်မှုမရှိကျတော့ဘူး။ ကျပ်ငွေအစား ဒေါ်လာ ပြောင်းကိုင်ကြလို့ ဝယ်လိုအားများပြီး ဈေးလာဈေး တက်ကုန်တာ” လို့ အမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

၂၀၂၃-၂၄ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃ ဒသမ၈ ဘီလီယံကျော် လျော့ကျနေတာကို တွေ့ရပါတယ်။

ပို့ကုန်အနေနဲ့ဆိုရင် ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံကျော် လျော့ကျနေပြီး နယ်စပ်လမ်းကြောင်းကတဆင့် တင်ပို့မှုဟာလည်း အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၉ သန်းကျော် လျော့နေတာကို တွေ့ရပါတယ်။

ဒေါ်လာငွေ လိုအပ်ချက်များလာတဲ့ စစ်ကောင်စီဟာ ဒေါ်လာကို ပြည်သူတွေဆီကနေ နည်းမျိုးစုံနဲ့ ရယူဖို့ ကြိုးပမ်းလာပါတယ်။ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ လုပ်ခလစာတွေ အတင်းအကြပ် ပြန်လွှဲစေတာ၊ သူတို့ရဲ့ လစာကို အခွန်ကောက်တာတွေ ပြုလုပ်နေတဲ့အပြင် ပြည်တွင်းနေနိုင်ငံသားတွေအပေါ် ဝင်ငွေခွန်ကောက်ခံရာမှာလည်း လစာရတဲ့ ငွေကြေးအမျိုးအစားနဲ့ စတင်ကောက်ခံပြီဖြစ်ပါတယ်။ အဲဒီလို ကောက်ခံတဲ့အတွက် ပြည်တွင်းနေ နိုင်ငံသားတဦးဟာ ဒေါ်လာနဲ့ လစာရမယ်ဆိုရင် ဒေါ်လာနဲ့ ဝင်ငွေခွန် ဆောင်ရမှာဖြစ်ပါတယ်။

တဖက်မှာတော့ ဒေါ်လာဈေးတက်လာတာနဲ့အတူ ပြည်သူတွေရဲ့ ကုန်ကျစရိတ်က တရိပ်ရိပ်မြင့်တက်လာနေပါတယ်။ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်သလို တိုက်ခန်းငှားခတွေလည်း လိုက်ပါ မြင့်တက်နေပေမဲ့ တချိန်တည်းမှာပဲ အလုပ်အကိုင် အခွင့်အရေးတွေ ရှားပါးလာလို့ ပြည်သူတွေဟာ ပိုမိုကျပ်တည်းလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013