DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီဈေး တပိဿာ ကျပ် ၈,၀၀၀ ထိ မြင့်တက်နေ
DVB
·
May 14, 2024
စားအုန်းဆီဈေး တပိဿာ ကျပ် ၈,၀၀၀ ထိ မြင့်တက်နေ
Donate to DVB

မြန်မာပြည်တွင်း စားအုန်းဆီဈေးနှုန်းတွေ  ပြင်ပလက်လီစျေးကွက်မှာ ကျပ် ၈၀၀၀ ဝန်းကျင် အထိ ပေးဝယ်နေရတယ်လို့  ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက မေ ၁၃ ရက်ကနေ ၁၉ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို  တပိဿာ ငွေကျပ် ၅၂၂၀ သတ်မှတ်ထားပေမဲ့ ပြင်ပမှာတော့ ကျပ် ၈၀၀၀ လောက်အထိ မြင့်တက်နေတာပါ။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခိုင်ခိုင်က" အခုက ၇၈၀၀ လို့ကြားတယ်။ အရင်က တပိဿာကို ၈၀၀၀ ကျော်၊  ၉၀၀၀ ဝန်းကျင်ထိရှိတယ်။ ဒါက နည်းနည်း ပြန်ကျတာ။  တချို့လက်လီဆိုင်လေးတွေမှာတော့ ဝယ်လို့မရဘူး။ ပစ္စည်းပြတ်နေတယ်။ တချို့ဆိုင်တွေကျတော့လည်း ကတ်စျေးဆိုပြီး ၆၀၀၀ ကျော်နဲ့ ‎ရောင်းနေတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီ သတ်မှတ်ထားတဲ့  စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းစျေးနှုန်းဟာ ပြီးခဲ့တဲ့ ဧပြီ ဒုတိယပတ်မှာ  တပိဿာကို ၅၄၆၅ ကျပ် ရှိခဲ့ပြီး တလအတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပြန်ကျဆင်းလာပါတယ်။

ဒါပေမဲ့ ပြင်ပလက်လီစျေးကွက်ပေါက်စျေးက စစ်ကောင်စီဖွဲ့စည်းထားတဲ့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ သတ်မှတ်စျေးနှုန်းထက်  ကျပ် ၂၅၀၀ ဝန်းကျင် ကွာဟချက်ရှိနေပါသေးတယ်။

စားသုံးဆီ လက်လီ အရောင်းဆိုင်လုပ်ငန်းရှင် တဦးက "သူတို့ကသာ တပိဿာကို ၅၀၀၀ ကျော်စျေး သတ်မှတ်ပေးနေတာ လက်တွေ့က ရန်ကုန်မှာ တပိဿာကို ၈၀၀၀ ဝန်းကျင်ရှိတယ်။ နယ်တွေမှာဆို ဒီထက် ဈေးပေးပြီး ဝယ်စားနေရတာ” လို့ ပြောပါတယ် ။

ပြည်တွင်း စားအုန်းဆီစျေးနှုန်းဟာ  ၂၀၂၁ ဖေဖော်ဝါရီ မတိုင်ခင်က တပိဿာကို ကျပ်၂၀၀၀ ကျော်သာရှိခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ  မြန်မာကျပ်ငွေတန်ဖိုးတွေ ထိုးကျပြီး နိုင်ငံခြားငွေစျေး မြင့်တက်လာတာနဲ့အတူ ပြည်ပက တင်သွင်းရတဲ့ စားအုန်းဆီစျေးကလည်း တရိပ်ရိပ်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက အခြေခံရည်ညွှန်းစျေး သတ်မှတ်ပြီး စျေးနှုန်းကို ထိန်းချုပ်ပေမဲ့ အခြေခံစျေးနှုန်းနဲ့ ပြင်ပ စျေးကွက် ပေါက်ဈေးကြား ကွာဟချက်များနေဆဲပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  စားအုန်းဆီကို ပြည်ပကနေ အဓိကဝယ်ယူတင်သွင်းနေရတာပါ။ စားအုန်းဆီ တရားဝင်တင်သွင်းမှုက  တနှစ်ကို တန်ချိန် ၈ သိန်းကျော် ရှိပြီးတော့ တရားမဝင်ဝင်ရောက်တဲ့ စားဆီတွေအပါအဝင် စုစုပေါင်း တင်သွင်းမှုက တနှစ်ကို တန်ချိန် တသန်းလောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013