Home
မြန်မာသတင်း
ဘီးလင်း၊ ဘုတလင်၊ ဝက်လက်၊ ရွှေဘိုနှင့် တွန်းဇံတို့တွင် တိုက်ပွဲဖြစ်၊ PDF ကို စိန်ခေါ်​သည့် စစ်သား ၁ ဦး ပစ်ခတ်ခံရ 
DVB
·
May 13, 2024
ButalinPDF_13052024
Beelin Bridge Broken_13052024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု အခြေအနေတွေကြောင့် မလိုအပ်ဘဲ ခရီးမထွက်ဖို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) က မေ ၁၂ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ အနီးမှာရှိတဲ့ ကျုံအိတ်တံတားကို မေ ၁၁ ရက် မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးပြီးနောက် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပြင် အမှတ် ၃၁၄ စစ်ကောင်စီအမြောက်တပ်နဲ့ ခမရ ၉ တို့ကလည်း လက်နက်ကြီးတွေနဲ့ မရပ်မနား ပစ်ခတ်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ TPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ခရီးသွားတဲ့သူတွေကို ပြောချင်တာကတော့ မလိုအပ်ဘဲ လုံးဝ ခရီးမထွက်စေချင်ပါဘူး။ မဖြစ်မနေ အရေးကြီးကိစ္စရှိလို့ သွားရမယ်ဆိုရင်တောင် နယ်မြေခံတွေကို သေချာစုံစမ်းပြီး သွားသင့်ပါတယ်။ ခုလက်ရှိတိုက်ပွဲတွေက ပြင်းထန်နေသလို စစ်ကောင်စီကလည်း လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေလို့ အတတ်နိုင်‌ဆုံး ခရီးမသွားဖို့ဘဲ သတိပေးချင်ပါတယ်။”

စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့အတွက် ရည်ရွယ်ပြီး ကျုံအိတ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာ‌ဖြစ်ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ တပ်မဟာ ၁ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

“အဲဒီလမ်းကြောင်းကို ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့လမ်းကြောင်းဖြစ်လို့ အဲဒီတံတားကို ချိုးဖျက်လိုက်တာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ကတော့ KNU အုပ်ချုပ်မှုနယ်မြေထဲက လမ်းတလမ်းရှိတဲ့အတွက် သွားလာလို့ရတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ မလိုအပ်ဘဲ လုံးဝ ခရီးမထွက်ကြဖို့နဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေ ဝေးဝေးနေဖို့ သတိပေးချင်တယ်။”

လက်ရှိမှာ ရွာပတ်လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကားတွေအနေနဲ့ စွန့်စားပြီး မသွားကြဖို့ ရွှေရောင်ပြရွာသားတဦးက ပြောပါတယ်။

မိုင်းခွဲခံရတာကြောင့် ကျုံအိတ်တံတား ပျက်စီးသွားပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာကြောင့် သထုံနဲ့ မော်လမြိုင်မှာ စက်သုံးဆီပြတ်လပ်ပြီး ဆီဆိုင်တွေ အရောင်းပိတ်ထားသလို ကျိုက်ထို၊ ဘီးလင်းဘက်မှာလည်း မြဝတီကုန်ပစ္စည်းတွေ ဈေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံအိတ်တံတားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မေ ၁၁ ရက် မနက်အစောပိုင်းမှာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးပြီးနောက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီး အောင်ကြည်သိန်း အပါအဝင် စစ်ကောင်စီတပ်သားတွေ လာရောက်ခဲ့ပေမဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အခုအချိန်အထိ တံတားပြုပြင်တဲ့ လုပ်ငန်းတွေ မစတင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့တို့မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့နယ်မှာ ဒီနေ့ မေ ၁၃ ရက် မနက် ၇ နာရီလောက်က  အိမ်ခြေ ၆၀၀ နီးပါးခန့်ရှိတဲ့ ဒါန်းတိုင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဘုတလင်မြို့နယ်ဒေသခံ ကိုပတ္တမြှားက ပြောပါတယ်။

“စစ်တပ်က ဘုတလင်မြို့ကနေ ဒါန်းတိုင်ရွာဘက်ကို မနက်ခင်း ၆ နာရီအချိန်ခန့်က စထွက်လာတယ်ဗျ။ ဘုတလင်မြို့နဲ့ ကျနော်တို့ ဒါန်းတိုင်ရွာက ၂ မိုင်ခွဲပဲ ဝေးတာဆိုတော့ စစ်ကြောင်းလာတာနဲ့ ရွာသားတွေ အကုန် စစ်ကြောင်းရှောင်ရတယ်။ သူတို့ ၆ နာရီ ၃၀ မိနစ်လောက်ရောက်တော့ ရွာအရှေ့ပိုင်းကိုဝင်ပြီး အိမ်တွေကို မွှေနှောက်ရှာဖွေပြီး ရွှေ၊ ငွေနဲ့ ဖုန်းတွေ၊ အဝတ်အစားအသစ်တွေယူပြီး ပြန်ထွက်သွားတယ်ဗျ။ ရွာကနေ ပြန်ထွက်သွားပြီး စိမ့်တောကျောင်းအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားတယ်။ ပစ်ခတ်သံတွေကတော့ ဆူညံနေတယ်ဗျ။”

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးကတော့ မသိရသေးပေမဲ့ တော်လှန်ရေး အင်အားစုဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ဘုတလင် တော်လှန်ရေးအင်အားစု ရဲဘော်တဦးက ပြောပါတယ်။

ဘုတလင်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စိန်ခေါ်စကား ပြောဆိုခဲ့တဲ့ စစ်ကောင်စီတပ်သားတဦး မေ ၁၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွား​တယ်လို့ ဒေသခံထံက သိရပါတယ်။

မုံရွာခရိုင်တပ်ရင်း ၂၀ (BOB) ရဲ့ တာဝန်ရှိသူတဦးက “ဇရှိရင် သူ့စခန်းကို လာသိမ်းလှည့်ဆိုပြီး PDF တွေကို စိန်ခေါ်ထားတဲ့ကောင်။  အရှင်ဖမ်းဖို့ ကြိုးစားသေးတယ်။ သူ့မှာ လက်နက်မပါပေမဲ့ ပြန်ခုခံဖို့ ကြိုးစားလာတာကြောင့် အသေပစ်သတ်လိုက်တာ” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားဟာ ဘုတလင်မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စကခ ၄ လက်အောက်ခံ ခမရ ၇၀၃ က တပ်သားအဆင့်သာရှိတဲ့ သိန်းသန်းဦး ဖြစ်ပါတယ်။

BOB ရဲဘော်တဦးက “ဒီကောင်တယောက်တည်း အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး ကြောင်ပန်းဘက်ကို ထွက်လာတာ။ ကြိုတင်သတင်းရလို့ ကြောင်ပန်းလမ်းခွဲကနေ ကြိုစောင့်နေခဲ့ကြတာ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို မုံရွာခရိုင်တပ်ရင်း ၂၀ (BOB) ရဲဘော်တွေနဲ့ နယ်မြေခံ PDF ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဝက်လက်မြို့နယ်၊ ရွာသာကြီး စစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်‌ရေးတပ်က  မေ ၁၂ ရက် ည ၉ နာရီက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

နယ်စည်းမခြား ဗိုလ်ပျံလွှား တာဝေးအဖွဲ့မှ ဗိုလ်ပျံလွှားက “ကျနော်တို့ မနေ့ညက စကစအထိုင်စခန်းကို လက်နက်ကြီးနဲ့ သွားပစ်ခတ်ခဲ့တယ်ဗျ။ ပစ်တဲ့လက်နက်ကြီးက ၆၀ မမ တာဝေးအဖူး ၅ လုံး၊ ၈၁ မမနဲ့က ၃ လုံး၊ G3 လက်နက်နဲ့က ကျည် ၂၀ ပစ်ခတ်ခဲ့တယ်။ စစ်ကောင်စီ အသေအပျောက်တော့ မသိရသေးဘူး။ စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကို နယ်စည်းမခြား ဗိုလ်ပျံလွှား တာဝေးအဖွဲ့နဲ့ ကိုးတောင်ကျား တာဝေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ရွှေဘိုမြို့၊ အမှတ် ၅ ရန်မျိုးအောင်ရပ်ကွက် ဘုန်းကြီးကျောင်းအတွင်း အထိုင်ချထားတဲ့ စကစ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။

ဒေသခံတဦးက “ပစ်ခတ်တဲ့ သေနတ်သံတွေကတော့ ကြားရတယ်လေ။ ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ပစ်တာလို့ပဲ ထင်တယ်။ ပစ်ခတ်မှုအပြီး စစ်ကောင်စီဘက်က စစ်ကားတွေနဲ့ ကင်းလှည့်တာတော့ တွေ့ရတယ်။ နှစ်ဖက် အသေအပျောက်တော့ မသိရဘူး” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကို ရွှေဘိုမြို့ပေါ် မြို့ပြတိုက်ခိုက်ရေးအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘို မြို့ပြ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ကိုတာနောက “သူတို့က ကင်းပုန်း ၅ ဦးနဲ့ ဝပ်ဖို့လာတဲ့အချိန်ကို ကျနော်တို့ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာဗျ။ ကိုယ့်ဘက်က လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တယ်။ စကစဘက်ကတော့ ၂ ဦးကျဆုံးတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့ပေါ်မှာ ရပ်ကွက်အတွင်း အခုလို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ရွှေဘိုမြို့အထွက် မုခ်ပေါက်မှာ စခန်းချ စစ်ဆေးရေးဂိတ်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာတော့ ဇိုမီး အမျိုးသားတော်လှန်ရေးတပ်မတော် (ZRA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံ ၆၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၀ ရက် ညနေပိုင်းကစပြီး တွန်းဇံမြို့နယ် လုံတပ်ရွာအနီးမှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားပြီး ၁၁ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

မေ ၁၁ ရက် ညနေပိုင်းမှာတော့ တွန်းဇံမြို့နဲ့ ၁၂ မိုင်ဝေးပြီး ပစ်ခတ်မှု စတင်ဖြစ်ပွားတဲ့ လုံတပ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၅ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်ပြီး လေယာဉ်တွေ ဝဲပျံနေတဲ့အတွက် လုံတပ်ကျေးရွာနဲ့ တွန်းဇံမြို့ ရဲစခန်းအနီးမှာ နေထိုင်တဲ့ ဒေသခံ ၆၀၀ နီးပါးစစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“၁၀ ရက်နေ့ မှာ တွန်းဇန်မြို့နယ်တွင်း CNA နဲ့ ပူးပေါင်း ဖွဲ့ နှင့် ZRA တို့ တွန်းဇန် မြို့နယ် လုံတပ် ရွာ နား မှာ စပစ်ကြ၊ စနေ မနက် ပိုင်း ကတည်းက တိုက်ပွဲပြင်းထန်နေတာ၊ စကစ တပ်သားတွေ ပါတာ တော့ သေချာ ပြောဖို့ ခက်ပါတယ်။ စကစ လေယာဉ်တွေက ပတ်တယ်၊ ဝဲတယ်၊ ဗုံးကြဲတယ် ဆိုတော့ စကစ ပါတယ် လို့လည်း ပြောလို့ရပါတယ်” လို့ တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံ ပြည်သူ ၆၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Photo - မုံရွာခရိုင်တပ်ရင်း ၂၀ (BOB)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024