DVB Logo
Home
မြန်မာသတင်း
Frontier Myanmar အပါအဝင် အာရှလူ့အခွင့်အရေးသတင်းဆုရသူများကို ထိုင်ဝမ်သမ္မတ ဆုချီးမြှင့် (ရုပ်သံ) 
DVB
·
May 13, 2024
Frontier Myanmar အပါအဝင် အာရှလူ့အခွင့်အရေးသတင်းဆုရသူများကို ထိုင်ဝမ်သမ္မတ ဆုချီးမြှင့် (ရုပ်သံ) 
Donate to DVB

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတင်ဆက်မှုတွေနဲ့ Asia Human Rights Press Awards ဆုတွေ ရရှိခဲ့ကြတဲ့ Frontier Myanmar နဲ့ AFP အပါအဝင် ဆုရရှိတဲ့ သတင်းဌာနတွေကို  ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

မေ ၁၀ ရက်က ကျင်းပတဲ့ ဒီအခမ်းအနားမှာ သမ္မတက သတင်းထောက်တွေနဲ့ ဧည့်ပရိသတ် ၂၀၀ ရှေ့မှာ အဖွင့်အမှာစကား ပြောကြားခဲ့သလို သတင်းလွတ်လပ်ခွင့်နဲ့ အာဏာရှင် အစိုးရတွေကို ဆန့်ကျင်တဲ့ ထိုင်ဝမ်အစိုးရရဲ့ ကတိကဝတ်အတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီဆုပေးပွဲကို လက်ခံကျင်းပတာက ထိုင်ဝမ်ရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအပေါ် အလေးထားတဲ့ အရေးပါမှုကို ထင်ဟပ်ကြောင်းနဲ့ ဖိအားတွေအောက်မှာ ခက်ခဲတဲ့ တာဝန်တွေ ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေကို ချီးကျူးခဲ့ပါတယ်။

အခုနှစ်အတွက် အာရှဒေသ လူ့အခွင့်အရေးသတင်းဆုကို မြန်မာနိုင်ငံရှိ ပေါ်တူဂီနွယ်ဖွား ဘရင်ဂျီတွေကို စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ် ရွာမီးရှို့ခံရမှုအကြောင်း ရေးသားထားတဲ့ Frontier Myanmar ရဲ့ သတင်းဆောင်းပါးက Newsroom in Exile ဆုကို ပူးတွဲဆွတ်ခူးခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာမှာ မြန်မာစစ်အာဏာရှင်ရဲ့ တပ်တွေကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးအကြောင်း ရိုက်ကူးခဲ့တဲ့ AFP သတင်းဌာနရဲ့ ဓာတ်ပုံတွေက သတင်းဓာတ်ပုံဆု ဆွတ်ခူးခဲ့ပါတယ်။

ဒီဆုတွေကိုတော့ Human Rights Watch၊ အရီဇိုးနားပြည်နယ်တက္ကသိုလ်က Walter Cronkite School of Journalism and Mass Communication ဌာန ထိုင်းနဲ့ ထိုင်ဝမ်က နိုင်ငံခြားသတင်းထောက်များ ကလပ်တို့က ကြီးကြပ်ရွေးချယ်တာ ဖြစ်ပါတယ်။

တခြားဆုရသူတွေထဲမှာ တာလီဘန်အုပ်စိုးမှုအောက်က အာဖဂန်အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့အကြောင်း တင်ဆက်ထားတဲ့ Newsroom in Exile ဆု ပူးတွဲရရှိခဲ့တဲ့ Zan Times က ဆောင်းပါးလည်း ပါဝင်ပါတယ်။

စုံစမ်းဖော်ထုတ်ရေးသားမှုကဏ္ဍက အင်္ဂလိပ်ဘာသာစကားနဲ့ တရုတ်ဘာသာစကား ၂ ဆု၊ ဓာတ်ပုံဆု၊ Multimedia ဆု၊ Documentary Video ဆု၊ အသစ်ချီးမြှင့်တဲ့ Podcast ဆုနဲ့ Newsroom in Exile ဆုဆိုပြီး ဆု ၇ ဆု ပေးအပ်တာဖြစ်ပြီး ပူးတွဲရရှိသူတွေလည်း ရှိပါတယ်။

Guardian သတင်းစာက ရေးသားတဲ့ ဆော်ဒီအာရေဗျက အဓမ္မစေခိုင်းခံရတဲ့ နီပေါ ရွှေ့ပြောင်းလုပ်သားတွေအကြောင်း ဆောင်းပါးက စုံစမ်းဖော်ထုတ်မှုဆုကို ရရှိခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ သမ္မတ ဆိုင်ရဲ့ ဦးဆောင်မှုအောက်မှာ ပိုပိုပြီးတော့ တိုးတက်လာခဲ့သလို Freedom House အဖွဲ့က အာရှမှာ ဂျပန်နိုင်ငံပြီးရင် ဒုတိယမြောက် သတင်းလွတ်လပ်ခွင့် ထိပ်တန်းနိုင်ငံလို့ အသိအမှတ်ပြုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလောအချိန်အထိ ထိုင်ဝမ်မှာ နိုင်ငံပေါင်း ၂၂ နိုင်ငံက မီဒီယာ ၈၆ ခုမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသတင်းထောက် ၁၇၆ ဦး နေထိုင်ကြောင်းနဲ့ ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ သူ့ရဲ့ ရာထူးသက်တမ်းနဲ့ အုပ်ချုပ်မှုစတင်ချိန်ကာလက ရှိခဲ့တဲ့ အရေအတွက်ထက် နှစ်ဆနီးပါး ပိုတိုးလာခဲ့တယ်လို့ သမ္မတ ဆိုင်က ပြောပါတယ်။

အရင်တုန်းက ဒီဆုပေးပွဲကို ဟောင်ကောင်မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များကလပ်က လက်ခံကျင်းပလေ့ရှိတာဖြစ်ပြီး ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် ဆုပေးပွဲတွေ ရပ်ဆိုင်းခံရပါတယ်။ 

ဒါကြောင့် အခုနှစ်မှာ ထိုင်ဝမ်အစိုးရက  HRW လူ့အခွင့်အရေးလေ့လာစောင့်ကြည့်အဖွဲ့နဲ့ ပူးပေါင်းပြီး ထိုင်ဝမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ဆုပေးပွဲကို လက်ခံကျင်းပတာ ဖြစ်ပါတယ်။

Source: TaiwanNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013