DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ဒဂုံတက္ကသိုလ်အဝေးသင်အတန်းများတွင် တက်ရောက်သူများလာ
DVB
·
May 11, 2024
စစ်မှုထမ်းဥပဒေကြောင့် ဒဂုံတက္ကသိုလ်အဝေးသင်အတန်းများတွင် တက်ရောက်သူများလာ
Donate to DVB

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းပြီးနောက် ရန်ကုန်မြို့မှာရှိတဲ့ ဒဂုံတက္ကသိုလ်အဝေးသင်အတန်းတွေမှာ တက်ရောက်သူတွေ များပြားလာပါတယ်။ 

ရန်ကုန်မြို့က ဒဂုံတက္ကသိုလ် အဝေးသင်အတန်းတွေ စတင်ဖွင့်လှစ်တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ကတည်းက ကျောင်းအပ်နှံတဲ့သူတွေ အရင်နှစ်တွေကထက် များပြားခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ပညာသင်ကြားနေဆဲ ကျောင်းသားတွေ စစ်မှုထမ်းဥပဒေကနေ ယာယီဆိုင်းငံ့ခွင့်ရှိတယ်ဆိုတဲ့ အချက်ကြောင့် အဝေးသင်အတန်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ မေ ၄ ရက်နေ့မှာ တက်ရောက်တဲ့ ကျောင်းသားတွေ ပိုမိုများလာပြီး မေဂျာတခုကို ကျောင်းသားဦးရေ ၅၀၀ ကျော်ထိ ရှိနိုင်တယ်လို့ လက်ရှိတက်ရောက်နေတဲ့ အဝေးသင်ကျောင်းသားတွေက ပြောပါတယ်။

အရင်က ကျောင်းနားထားရာကနေ ပြန်လည်တက်ရောက်ကြတာလို့ ဒဂုံတက္ကသိုလ်မှာ လက်ရှိ အဝေးသင် တက်ရောက်နေတဲ့ အမည်မဖော်လိုသူ ကျောင်းသူတဦးက ပြောပါတယ်။

“မိဘတွေက ကျောင်းပြန်တက်ဖို့ ဖိအားပေးတာရော၊ ဒီစစ်မှုထမ်းဥပဒေကြောင့်ရော ပြန်တက်ဖြစ်တာပါ။ ကျောင်းမှာ အရင်လို ကျောင်းသားအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရတာမျိုးလည်း မရှိသလို ကျောင်းအပ်ခနဲ့ ကျူရှင်လခတွေ အရင်ထက် ၂ ဆလောက် စျေးတက်သွားတော့ အခက်အခဲတွေတော့ ရှိပါတယ်။”

အခုလို စစ်ကောင်စီရဲ့ လက်အောက်ခံပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားတွေ အများအပြား ပြန်လည်တက်ရောက်နေတာဟာ  စစ်ရှုံးနေတဲ့ စစ်ကောင်စီကို အထောက်အပံ့ပေးနေသလို ဖြစ်နေပြီး ရေရှည်မှာ တော်လှန်ရေးကို ထိခိုက်နိုင်တယ်လို့ ပြည်ပကို ရောက်ရှိနေတဲ့ CDM တက္ကသိုလ်ကျောင်းသား ကိုဇင်မင်းဦးက ပြောပါတယ်။

“ကျောင်းပြန်တက်တာက စစ်မှုထမ်းဥပဒေကို ယာယီတိမ်းရှောင်နိုင်တယ်ဆိုပေမဲ့ ဒီကောင်တွေက ဥပဒေကို လက်တလုံးခြားလုပ်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ကိုယ်ပေးလိုက်တဲ့ ကျောင်းလခတွေက တောထဲမှာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်မယ့် ကျည်ဖိုး မဖြစ်ပါစေနဲ့လို့တော့ မေတ္တာရပ်ခံချင်ပါတယ်။”

စစ်ကောင်စီရဲ့ ပညာသင်ကြားနေဆဲကျောင်းသားတွေကို စစ်မှုထမ်းဖို့ ယာယီကင်းလွတ်ခွင့် ပေးမယ်ဆိုတဲ့ အချက်ဟာ တိကျသေချာမှုမရှိသလို ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ စာရင်းပေးသလို ဖြစ်လာနိုင်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်ရွှေသိဂ္ဂီက ပြောပါတယ်။

“ပညာသင်ကြားနေဆဲသူတွေကို စစ်မှုထမ်းဥပဒေကနေ ကင်းလွတ်ခွင့်ပေးမယ်ဆိုပေမဲ့ တိကျသေချာတဲ့ တရားဥပဒေမျိုးမဟုတ်ဘူး။ ဥပဒေက သူတို့လက်ထဲမှာရှိတဲ့အတွက် အမျိုးမျိုးပြောင်းနိုင်တယ်၊ ကျောင်းသားတွေအနေနဲ့ ကျောင်းသွားအပ်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အချက်အလက်တွေကို သူတို့ဆီကို စာရင်းပေးသလို ဖြစ်သွားနိုင်တယ်။”

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ လူငယ်တွေဟာ အကြမ်းဖက်အာဏာသိမ်း စစ်တပ်အောက်မှာ စစ်မှုမထမ်းလိုတာကြောင့် ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်သူတွေ များပြားလာပါတယ်။

ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာတော့ စစ်မှုထမ်းဥပဒေကနေ ယာယီကင်းလွတ်ခွင့်ရဖို့ တက္ကသိုလ်နဲ့ အစိုးရအထက်တန်းကျောင်းတွေမှာ ပြန်လည်တက်ရောက်သူတွေလည်း ရှိနေပါတယ်။ 

ဟန်နသ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013