DVB Logo
Home
မြန်မာသတင်း
မြန်မာပတ်စ်ပို့ကိုင် အမျိုးသားများ ထိုင်းနိုင်ငံ၌  ဘာသာစကားသင် ကျောင်းသားဗီဇာ လျှောက်ခွင့် ပိတ်ပင်ခံရ
DVB
·
May 10, 2024
မြန်မာပတ်စ်ပို့ကိုင် အမျိုးသားများ ထိုင်းနိုင်ငံ၌  ဘာသာစကားသင် ကျောင်းသားဗီဇာ လျှောက်ခွင့် ပိတ်ပင်ခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ မြန်မာပတ်စပို့ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေ ဘာသာစကားသင်တန်း ကျောင်းတွေကနေတဆင့် ကျောင်းသားဗီဇာ ED Visa (Language Program)  လျှောက်ခွင့်ကို ပိတ်ပင်လိုက်တယ်လို့  ဗီဇာဝန်ဆောင်မှုလုပ်ငန်းတွေဆီက သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ ရေတို ရေရှည်နေထိုင်ခွင့် ဗီဇာအမျိုးမျိုးထဲကမှ ED Visa (Language Program) မှာ မြန်မာပတ်စပို့ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားအမျိုးသားတွေကိုပဲ သီးသန့် ပိတ်ပင်လိုက်တာဖြစ်ပြီး စစ်ကောင်စီက ထိုင်းဝန်ကြီးချုပ်ဆီတိုက်ရိုက်တောင်းဆိုထားတာ ကြောင့်ဖြစ်တယ်လို့ ကျောင်းသားဗီဇာ ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတခုက ပြောပါတယ်။

“သေချာတယ်၊ Confirm ဖြစ်သွားပြီ ထိုင်းဝန်ကြီးချုပ်တိုက်ရိုက်ညွှန်ကြားတာတဲ့၊ မြန်မာဘက်က အကူအညီတောင်းတယ်လို့ ပြောတယ်။ ပြည်ထဲရေးကနေ အောက်ဘက်က ရှိသလောက်အကုန် ပြန်ညွှန်ကြားလာတာလို့ ပြောတယ်။ အဓိက အကြောင်းအရင်းက စစ်ပြေးကြောင့် ယောကျ်ားလေးတွေ၊ မိန်းကလေးတွေက ရသေးတယ်။ ယောကျ်ားတွေကတော့ ၁၀၀ ရာခိုင်နှုန်း ဒီတနင်္လာနေ့ကနေ စမယ်။”

စစ်ကောင်စီက ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုလို့  ED Visa တွေကို ပိတ်တာ ဟုတ်မဟုတ် ထိုင်းအာဏာပိုင်တွေဘက်ကို DVB အနေနဲ့ သီးခြား မေးမြန်းအတည်ပြုနိုင်တာ‌တော့ မရှိသေးပါဘူး။

မေ ၁၃ ရက် အသက်ဝင်မှာဖြစ်တဲ့ အဲဒီမူဝါဒမှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပြင်ပဘာသာရပ်ဆိုင်ရာကျောင်းတွေက ထိုင်းဘာသာစကား၊ အင်္ဂလိပ်စာနဲ့ တခြားသော ဘာသာရပ်တွေ သင်ယူနိုင်ပြီး တနှစ်နေထိုင်ခွင့်ရတဲ့ ED visa ကိုသာ ကန့်သတ်ပိတ်ပင်လိုက်တာပါ။

တခြားတက္ကသိုလ်တွေက Master, Degree နဲ့ PhD စတဲ့ ကျောင်းတက်ရောက်ခွင့် ဗီဇာတွေမပါဝင်ဘူးလို့ ဝန်ဆောင်မှုကုမ္ပဏီတွေဆီကနေ သိရပါတယ်။

အခုလို ထိုင်းအစိုးရ လဝကမူဝါဒတွေနဲ့ပတ်သက်လို့ စိတ်ပူပန်ကြောင်းကို ED Visa နဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

“မနေ့ အဲဒီသတင်းကို ကြားတော့ စိတ်တော့ပူတာပေါ့နော် ဘာလို့လဲဆိုတော့ ဗီဇာသက်တမ်း ပထမတနှစ်ပေါ့ ED Visa  က ကုန်တော့မှာ၊ ကျောင်းက ထပ်အပ်လို့မရဘူးဆိုတော့ ဘယ်လိုဆက်ပြီးတော့ visa run မလဲပေါ့။  အခုလက်ရှိ ထိုင်းမှာနေတာက ပန်းရောင်ကတ် ကလည်း သူတို့က ဘယ်ချိန်လုပ်ပေးမလဲမသိဘူး၊ ဒီကြားထဲ ဘယ်လို စီစဉ်ရမလဲ။” 

အသစ်လျှောက်မယ့် ကျောင်းသားဗီဇာကို လုံးဝပိတ်လိုက်တာဖြစ်ပြီး ED visa လျောက်ထားဆဲ အဆင့်မှာရှိတဲ့ အမျိုးသားတွေအတွက်ကတော့ ဗီဇာရနိုင်ဖို့က သေချာမှုမရှိသေးတဲ့ အနေအထား ဖြစ်နေပါတယ်။ တချို့သော အေဂျင်စီတွေကတော့ ငွေကြေးလက်ခံထားတဲ့အတွက် ဗီဇာရအောင် လုပ်ဆောင်ပေးမယ်လို့ အာမခံတာတွေ ရှိနေပါတယ်။ 

ထိုင်းရောက် မြန်မာတဦးက “ကျောင်းသားဗီဇာလျှောက်ဖို့ကို အနည်းဆုံး ၄၅ ရက် ကျန်ရမယ်ဆိုလို့ အမြန်လျှောက်တာပေါ့၊ immigration မှာတော့ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးသွားပြီ၊ immigration ကပေးတဲ့ စလစ်လည်း ထွက်လာပြီပေါ့။ ဒီလို ကျောင်းသားဗီဇာကိုမပေးတော့ဘူး ဘာညာကိုကြားတဲ့အခါကျတော့ ကျောင်းအပ်ပေးတဲ့သူကို မနေ့က သွားမေးတဲ့အခါကျတော့ သူတို့ကတော့ ကျောင်းက သူတို့ကိုပြောထားတာ မရှိသေးဘူးပေါ့၊ တချို့ကလည်း စလစ်ရပြီးသားလူတွေကလည်း စိတ်ပူစရာမလိုဘူးလို့ပြောတယ်။ မြန်မာနိုင်ငံမှာလည်းနေလို့ အဆင်မပြေတော့တာကြောင့်  ရှိသမျှ ရောင်းချပြီး ဖောင်ဖျက်ထွက်လာတာဆိုတော့လေ  အဆင်မပြေရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့ တော်တော်တော့ ခေါင်းစားရမယ့် ကိစ္စပဲ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက ဗီဇာဝန်ဆောင်ပေးနေတဲ့ အေဂျင်စီနဲ့ ကျောင်းအများစုကတော့ မြန်မာပတ်စပို့ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေကို ကျောင်းသားဗီဇာ လျှောက်ခွင့် ရပ်ထားတယ်လို့ မေ ၉ ရက်ကတည်းက ကြေညာနေကြပါတယ်။

ဒါပေမဲ့ မေ ၁၀ ရက်အထိတော့ ထိုင်းအစိုးရနဲ့ လူဝင်မှုကြီးကြပ်ရေးဘက်က ကျောင်းတွေကို တရားဝင်စာပို့တာနဲ့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူးလို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013