DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရသည့် ကျောင်းသားများအတွက် စစ်မှုထမ်းဥပဒေက စိုးရိမ်စရာဖြစ်နေ
ဇွဲသစ်
·
June 18, 2026
Photo - Thai Police news
Photo - Thai Police news
Donate to DVB

ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာကို အလွဲသုံးစားလုပ်ကာ အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ဗီဇာစည်းကမ်း ချိုးဖောက်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးကာ နေရပ်ပြန်ပို့ဖို့ စီစဉ်တဲ့အပေါ်  မြန်မာကျောင်းသား အသိုက်အဝန်းကြား စိုးရိမ်နေကြပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဇွန် ၁၁ ရက်မှာ ဘန်ကောက်မြို့ရှိ ပညာရေးဆိုင်ရာ နေရာတချို့ကို ဝင်ရောက်စစ်ဆေးရာမှာ ကျောင်းတက်ရောက်မှု မှတ်တမ်းမရှိဘဲ ကျောင်းသားဗီဇာနဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းမှာ ပညာရေးဗီဇာနဲ့ ကျောင်းတက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ စိုးရိမ်နေတဲ့ အဓိကအချက်ကတော့ နေရပ်ပြန်ပို့ခံရရင် မြန်မာနိုင်ငံအတွင်း လက်ရှိကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့အတူ စစ်မှုထမ်းဥပဒေနဲ့ ကြုံရမှာကို စိုးရိမ်နေကြပါတယ်။

MCU မှာ အင်္ဂလိပ်စာ ဘာသာရပ် သင်ကြားနေတဲ့ ကျောင်းသူတယောက်က “အဓိက ဘာလို့ စိုးရိမ်လဲဆိုရင် နေရပ်ပြန်ပို့ခံရရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က နိုင်ငံက အခြေအနေမကောင်းတော့ နောက်တခုက စစ်မှုထမ်းဥပဒေနဲ့ ငြိမှာလည်း စိုးရိမ်ကြတယ်။ အဓိကတော့ အဲဒါပေါ့နော်။ ဒါကတော့ အရမ်းကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေဖြစ်တော့ ဘယ်သူမှလည်း မပြန်ချင်ကြဘူး။ မပြန်တာ အကောင်းဆုံးပေါ့။ အကုန်လုံးက ပြန်ရမှာ ကြောက်ကြတယ်။ နောက်တခုက အခုလို ပညာရေးဗီဇာကို အလွဲသုံးစား လုပ်တဲ့အခါကျတော့ ရှေ့ကလုပ်တဲ့လူတွေကြောင့် နောက်ဝင်လာမဲ့ တကယ် စာသင်ချင်တဲ့လူတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ပြည်တွင်းဘွဲ့မရသေးတဲ့သူတွေ အနာဂတ်အခွင့်အလမ်း ရှာချင်သူတွေအတွက် ပိုပြီး ကျပ်လာမယ်။ အဓိကတော့ ပညာရေးဗီဇာ ကိုင်ထားတယ်ဆိုရင် Commitment (ကတိကဝတ်) တခု ကိုယ့်တာဝန် ကိုယ်ယူဖို့တော့ လိုမယ်ထင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် လူငယ်အများအပြား ပြည်ပကို ထွက်ခွာလာခဲ့ကြသလို ပြည်ပရောက်နေသူတွေအကြား နေရပ်ပြန်ပို့ခံရမဲ့ အန္တရာယ်အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေဟာ အလုပ်အကိုင်နဲ့ နေထိုင်ရေး အခက်အခဲတွေအပြင် အဓမ္မ စစ်သားစုဆောင်း ပေါ်တာဆွဲတဲ့ အခြေအနေတွေကိလည်း ရင်ဆိုင်နေရတယ်လို့ ထိုင်းရောက် မြန်မာကျောင်းသားတယောက်က ပြောပါတယ်။

“သက်ရောက်မှုကတော့ နောက်ထပ် ဗီဇာသက်တမ်းတိုးတဲ့အခါမှာ သူတို့အနေနဲ့ တောင်းဆိုတဲ့ အချက်အလက် များလာတာတွေ၊ ကျပ်လာတာတွေ ရှိနိုင်တယ်။ ပြန်ပို့ခံရတဲ့လူတွေ အနေနဲ့လည်း ပြန်ပို့ခံရတဲ့အခါ အချို့ကျတော့ ဒီကို အပြီးထွက်လာကြတာ ရှိတယ်။ ပြန်ပို့ခံရတော့ အလုပ်လည်း မရှိ၊ နေစရာမရှိ အခက်အခဲ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ အခုနောက်ပိုင်း စစ်မှုထမ်းဥပဒေကလည်း တအားကျပ်လာတော့ ပြန်ပို့ခံရတဲ့နောက်ပိုင်းမှာ စစ်မှုထမ်းထဲပါဖို့ ရာခိုင်နှုန်းများတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာ ပေါ်တာဆွဲတာတွေလည်း များတဲ့အတွက် လူငယ်တွေကတော့ ပြန်ပို့မခံရဖို့ ရုန်းကန်နေရတယ်လို့ပဲ မြင်ပါတယ်။”

ကျောင်းသားဗီဇာနဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာနိုင်တာကြောင့် ကျောင်းသားတွေအနေနဲ့ ဗီဇာစည်းကမ်းတွေကို သေချာလိုက်နာပြီး ယုံကြည်စိတ်ချရတဲ့ ကျောင်းတွေနဲ့သာ ချိတ်ဆက်ဆောင်ရွက်သင့်တယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းကျောင်းနဲ့ ပညာရေး လုပ်ဆောင်နေသူတွေက တိုက်တွန်းပါတယ်။

FED ပညာရေးနှင့် ဖွံ့ဖြိုးတက်ရေးဖောင်ဒေးရှင်း - အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “ကျောင်းသားတွေ အနေနဲ့က စနစ်တကျ လေ့လာဖို့လိုတယ်။ ကိုယ် လျှောက်မဲ့ကျောင်းက ဘယ်လောက် တာဝန်ယူလဲ၊ ကိုယ့်ရဲ့ ဗီဇာကိစ္စကို ဘယ်လို တာဝန်ယူလဲ၊ နောက်တခု အရေးကြီးတာက ကျောင်းသားဗီဇာနဲ့ အလုပ်လုပ်မယ် ဆိုရင်လည်း တပတ်ကို ဘယ်နှနာရီ လုပ်လို့ရလဲ ဆိုတာကို သူတို့ရဲ့ ကျောင်းဗီဇာပေးထားသူတွေကို သေချာမေးလို့ ရပါတယ်။ အဲဒီလိုလည်း လုပ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီထက်မက ကျောင်းသားတွေတင်မက ရွှေ့ပြောင်းလုပ်သားတွေဆိုလည်း ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် ထိုင်းအာဏာပိုင်တွေက ဆောင်ရွက်မှာဖြစ်လို့ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်နဲ့ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ဆက်သွယ်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတဲ့ ကျောင်းသား ၇ ယောက်ကို ဥပဒေအရ အပြစ်ပေး အရေးယူပြီးသွားရင် ပြည်နှင်ဒဏ် ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗီဇာအလွဲသုံးစားလုပ်မှုတွေကို ဆက်လက်အရေးယူသွားမှာဖြစ်ပြီး ကျောင်းသားဗီဇာ အပါအဝင် ဗီဇာအတု လုပ်ပေးတဲ့ ကျောင်းတွေနဲ့ ပွဲစားကွန်ရက်တွေကို စစ်ဆေး ဖော်ထုတ် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013