
အိမ်ရာပြဿနာကို ဖြေရှင်းဖို့ စပိန်အမျိုးသားအစိုးရက ဥပဒေကြမ်း ၂ ခုကို တင်သွင်းထားပေမဲ့ မြို့တော် မက်ဒရစ်ရဲ့ မြို့လယ်က ပွါတာဒယ်ဆောရင်ပြင်မှာ ဆန္ဒပြသူတွေက စက်တင်ဘာ ၃၀ ရက် မှာ ဆက်ပြီး သပိတ်စခန်းချ နေထိုင်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က မက်ဒရစ်မြို့ခံ အသက် ၈၇ နှစ်အရွယ် မာရီကာမန် အာဘာစကယ်ကို နေအိမ် ကနေ အတင်းအကျပ် ဖယ်ရှားခဲ့လို့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် ခဲ့ပါတယ်။
ဒီနောက် ၂၀၃၀ ပြည့်နှစ်အထိ နေအိမ်ကနေ ဖယ်ရှားနှင်ထုတ်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း အပါအဝင် အဆိုပြုချက်တွေကို သဘောတူခဲ့တယ်လို့ စပိန်ညွန့်ပေါင်းအစိုးရက စက်တင်ဘာ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်က ဆယ်စုနှစ် ၇ ခုကြာနေခဲ့တဲ့ အိမ်ကနေ အာဘာစကယ်ကို လူနာတင် ထမ်းစင်နဲ့ သယ်ပြီး ဖယ်ရှားခဲ့မှုကို ကန့်ကွက်ဆန္ဒပြဖို့ လူရာပေါင်းများစွာက ဗုဒ္ဓဟူးနေ့ ညနေခင်းမှာပါ ရင်ပြင်မှာ ဆက်ပြီး စခန်းချနေထိုင်ခဲ့ကြပါတယ်။
အာဘာစကယ်အနေနဲ့ သူ့အိမ်ကို ပြန်ဝင်နေခွင့်ရဖို့ နောက်ကျမှ ကမ်းလှမ်းချက်တခု ရခဲ့တာပါ။
ဒါပေမဲ့ ဆန္ဒပြသူတွေက အိမ်လခနှုန်းထား မတိုးဘဲ ငှားရမ်းခွင့်စာချုပ်တွေကို အလိုအလျောက် သက်တမ်းတိုးပေးဖို့နဲ့ အိမ်လခနှုန်းထားတွေကို တသမတ်တည်း ထိန်းသိမ်းထားခြင်း အပါအဝင် ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ဆက်ပြီး တောင်းဆိုနေပါတယ်။
အဆိုပြုထားတဲ့ ဥပဒေကြမ်းတွေထဲမှာ ငှားရမ်းခွင့်စာချုပ်တွေကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ခြင်းနဲ့ အိမ်ရာဈေးကွက်အတွင်း အကျပ်အတည်း ကြုံတွေ့နေရတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် အိမ်ရာပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး အမြတ်ကြီးစား ပြန်ရောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ပိတ်ပင်ခြင်းတို့ ပါဝင်ပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၂ ရက်မှာ အမိန့်ကြော်ငြာစာတွေကို မဲခွဲဆုံးဖြတ်ဖို့ ရှိနေပြီး အစိတ်စိတ် အမြွှာမြွှာဖြစ်နေတဲ့ လွှတ်တော်အတွင်း ထောက်ခံမဲရဖို့ အမတ်ဦးရေနည်းနေတဲ့ အစိုးရအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
Source:Reuters










