Home
မြန်မာသတင်း
ကချင်၊ ကရင်နီ၊ စစ်ကိုင်းနှင့်မကွေးတိုင်းတို့မှ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်
DVB
·
May 7, 2024

ကချင်ပြည်နယ်ရှိ မံစီမြို့၊ မိုးမောက်မြို့၊ စင်းခန်းတံတားထိပ် စစ်ကောင်စီစခန်းတွေကို KIA, KPDF, PDF ပူးပေါင်းတပ်တွေက မေ ၇ ရက် ဒီနေ့မနက် ၄ နာရီကျော်လောက် စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဒေသခံတဦးက “မံစီနဲ့ မိုးမောက်မှာ မြို့ခံတချို့ ကျန်ထားသေးတယ်၊ ပိတ်မိနေပါတယ်။ ဒီနေ့အစောကြီးကတည်းက တိုက်ပွဲဖြစ်နေတာပါ။ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ဆူညံနေတာ အခုထိပဲ။ ဗန်းမော်-မန္တလေး လမ်းမကြီးလည်း ပိတ်ထားပြီ။ မနက်ကထွက်တဲ့ ကားတွေ လမ်းမှာ ပိတ်မိနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဟာ တပ် ၁၃ ခုခန့် ပတ်လည်ဝိုင်းထားတဲ့ ဗန်းမော်မြို့နဲ့ အနီးကပ်ဆုံးမှာ တည်ရှိနေပြီး မိုးမောက်မြို့မှာ မံပုံ ခမရ ၄၃၇ တပ်တခုတည်းသာ ကျန်ရှိပြီး မံစီမြို့မှာတော့ တစုတည်းဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်နဲ့ အမြောက်တပ်တို့ ရှိပါတယ်။ 

စင်းခန်း ဧရာဝတီတံတားထိပ်နဲ့ စင်းခန်းနားက တံတားထိပ် တပ်စခန်းမှာတော့ စကခ ၂၁ လက်အောက်ခံ တပ်ပေါင်းစု ထိုင်ထားကြတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ တပ်စခန်းတွေမကျရေး အပြင်းအထန် ခုခံနေပြီး ဗန်းမော်မြို့မှ တပ်တွေက လက်နက်ကြီးအပါအဝင် တိုက်လေယာဥ် ၂ စီးနဲ့ ခေါက်တုန့်ခေါက်ပြန် ပစ်ခတ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်က ကျောက်ထုလေတပ်နဲ့ အမှတ် ၃၆၈ အမြောက်တပ်တို့ကို မေ ၆ ရက် မနက် ၉ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဂန့်ဂေါခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျောက်ထု လေယာဉ်ကွင်းနဲ့ ၃၆၈ အ‌မြောက်တပ်တို့က ပစ်မှတ် ၄ ခုကို ရော့ကတ်ဒုံး အလုံး ၅၀ နဲ့ ပစ်တာ၊ လေယာဉ်ပြေးလမ်းနဲ့ တခြားအဆောက်အအုံတွေ ထိခိုက်ပျက်စီးတယ်လို့တော့ ကနဦး သိထားရတယ်။ အသေးစိတ်ကို စုံစမ်းနေတုန်းပါ” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“ပစ်ခတ်မှုတွေလုပ်အပြီး အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဂျက်ဖိုက်တာတစီး တက်လာပြီး ကင်းပတ်နေတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း၊ ဆောမြို့နယ်ခရိုင်တပ်ရင်း ၈၊ တပ်ရင်း ၉၊ မကွေးတိုင်း ပကဖ၊ ကျောက်ထုတိုက်နယ် ပကဖ၊ ဆောမြို့နယ် ပကဖတို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၃ ရက်ကလည်း အမှတ် ၃၆၈ ကျောက်ထု အမြောက်တပ်နဲ့လေတပ်တို့ကို Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မြောက်ပိုင်း၊ ကျွန်းလည်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မေ ၆ ရက်၊ မနက် ၁ နာရီဝန်းကျင်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်က ၁၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ​ပြီး PDF ရဲဘော်တဦး ကျဆုံးသွားခဲ့ရတယ်လို့ တန့်ဆည် ပကဖ ဆီကနေ သိရပါတယ်။

တန့်ဆည် ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျွန်းလည်ရွာမှာ တရွာလုံးက ပျူသင်တန်းဆင်းပြီးသား ပျူစောထီးတွေဗျ။ စစ်တပ်က အထိုင်စခန်းလုပ်ပြီး အဲဒီရွာမှာ တပ်စွဲထားတာ။ ‌ေ–းသားတွေနဲ့ ပျူတွေပေါင်းပြီး ဘေးနားကရွာတွေထဲဝင်ပြီး လုယက်စားသောက်နေတာ ကြာပြီ။ သူတို့နဲ့ အဆင်မပြေတဲ့ရွာတွေကို မီးတင်ရှို့ကြတာ။ အဲကောင်တွေရဲ့ တပ်စခန်းကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာပါ။ ‌ေ–းက ၁၄ ကောင်သေတယ်။ လက်နက်တွေလည်း ရလိုက်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ တန့်ဆည် ပကဖက တော်လှန်ရေးရဲဘော်တဦး မြင့်မြတ်စွာ အသက်ပေးလှူသွားရပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းလည် စစ်ကောင်စီတပ်စခန်းကနေ MA1 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၃ လက်၊ ပြောင်းချောသေနတ် ၇ လက်၊ လက်ပစ်ဗုံး၊ နင်းမိုင်းတွေနဲ့ ကျည်မျိုးစုံကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက နည်းနည်းကြမ်းတယ်။ အနီးကပ်ပစ်ကြတာ သူပစ်ကိုယ်ပစ်ပဲ။ သူတို့ဘက် အထိနာတော့ ကျန်တဲ့ကောင်တွေက စခန်းစွန့်ပြေးသွားကြတယ်။ သူတို့စခန်းထဲက လက်နက်တွေ သိမ်းလာခဲ့ကြတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျနော်တို့ရဲဘော်အတွက် အလေးနီပြုပါတယ်” လို့ ပြောပါတယ်။

ကျွန်းလည်တပ်စခန်းသိမ်းတိုက်ပွဲကို တန့်ဆည်မြို့နယ် ပကဖနဲ့ ရွှေဘိုခရိုင် တပ်ရင်း ၂၅ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းယူနိုင်ခဲ့​တယ်လို့ မော်လိုက်ခရိုင်၊ တပ်ရင်း ၁ ဆီကနေ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မေ ၅ ရက်နေ့က အင်အား ၈၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့ ခမရ ၃၆၈ တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မနက် ၅ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီလောက်အထိ တိုက်လိုက်ရတယ်။ သူတို့ဘက်က လေကြောင်းကလည်း ကူပြီးပစ်ပေးတယ်။ ‌ေ–းတွေ အထိနာတော့ ပြန်ဆုတ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲကနေ ၆၀ မမ ပြောင်းတို ၁ လက်၊ MA-1 သေနတ်၄ လက်၊ MA ကျည် ၁,၅၁၂ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ RPG 7 ဒုံးသီး ၅ လုံး၊ MA ကျည်အိမ် ၂၆ ခု၊ စကားပြောစက် ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံးနဲ့ ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ဖောင်းပြင်မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်နေပါပြီ။ သူတို့စစ်တပ်က မြို့ပေါ်မှာပဲ ရှိတော့တာပါ။ ကျနော်တို့ မကြာခင်မှာ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တော့မှာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကို မော်လိုက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၁ နဲ့ တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီ အခြေစိုက် တပ်ရင်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ၂ ရက်အကြာမှာ တော်လှန်ရေးတပ်ပေါင်းစုဘက်က ၄ ဦး ကျဆုံးကာ ၂၂ ဦး ဒဏ်ရာရထားတယ်လို့ ​ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ ၄ ရက်က စတင်ပြီး ဖားဆောင်းမြို့သိမ်းနိုင်ရေးအတွက် KNDF၊ ကလလတ၊ ဖားဆောင်း PDF အပါအဝင် တပ်ပေါင်းစုတွေက တပ်သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေတာပါ။

ရှေ့တန်းရင်းမြစ်တဦးက “၄ ရက်နေ့က တပ်ရင်းသိမ်းတိုက်ပွဲ အဆင်မပြေဘူး၊ ၄ ယောက်ကျ ၂၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ အဖွဲ့အများကြီးပဲ တပ်ပေါင်းစုတိုက်နေတာပါ။ တိုက်ပွဲတွေတော့ ဆက်လုပ်နေတယ်။ သိမ်းတဲ့တပ်ရင်းက ၁၃၄၊ ၁၃၅ ပါ။ လေယာဉ်လည်း မနက်ကနေ ညအထိ ဆက်တိုက်ကို လာပစ်နေတုန်းပဲ။ နေ့တိုင်းပဲ တရက်နဲ့ တရက်ကို မတူဘူး” လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၄ ဦးနဲ့ ဒဏ်ရာရထားသူတွေက ဘယ်တပ်ဖွဲ့တွေကလဲ ဆိုတာကိုတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

မေ ၆ ရက်ကလည်း ဖားဆောင်းမြို့မှာရှိတဲ့ ထူးချောင်းစခန်းကို စစ်ကူလာရောက်တဲ့ ရဟတ်ယာဉ်တစင်းကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့ပါတယ်။

မြေပြင်ရင်းမြစ်တဦးက “၁၁ နာရီ ၄၅ လောက်ပေါ့၊ အမည်းရောင် ပါပွန်ချောင်းအတိုင်း ဆင်းလာတာ။ ကျနော်တို့က ကယားဝါအောက်နဲ့ ရှမ်းဝါအောက်ကြားမှာ အပိုင်စောင့်နေတာ။ ခေါင်းပေါ်လည်းရောက်လာတော့ ဆော်ထည့်ပလိုက်တာပဲ” လို့ အတည်ပြုပါတယ်။

လက်ရှိအချိန်အထိ ဖားဆောင်း၊ ဘော်လခဲ၊ မိုးဗြဲမြို့တွေကို တော်လှန်ရေးပူပေါင်းတပ်တွေက အပြီးတိုင် သိမ်းပိုက်နိုင်ရေးအတွက် ဆက်တိုက် စစ်ရေးလှုပ်ရှားနေကြပြီး စစ်ကောင်စီတပ်ကလည်း ဆက်တိုက် လေကြောင်းတိုက်ခိုက်နေပါတယ်။

နိုင်ငံတဝန်း မြို့နယ်အချို့မှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်နဲ့ ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

Photo .... အမှတ် ၁ စစ်ဒေသ နှင့် ဟုမ္မလင်း PDF ရဲဘော်တဦး၊ ဂန့်ဂေါ PDF၊. တန့်ဆည် ပကဖ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024