DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရ၊ ညောင်တုန်းတွင် လူငယ် ၇ ဦး ဖမ်းခံရ
DVB
·
May 5, 2024
မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရ၊ ညောင်တုန်းတွင် လူငယ် ၇ ဦး ဖမ်းခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမှာ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး မော်လမြိုင် ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရသလို ဧရာဝတီတိုင်း၊ ညောင်တုန်း မြို့နယ်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်တာနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ ၇ ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကော့ဒွန်းနဲ့ ကော့ပနာ‌တို့ကို PDF တွေ ခိုအောင်းနေတယ်ဆိုပြီး မေ ၄ ရက်နေ့ မနက် ၈ နာရီမှာ  မော်လမြိုင်ဘက်ကတက်လာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီးက ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၅ လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနေ့က PDF တွေရှိတယ်ဆိုပြီး လာပစ်သွားတာ။ လူထိခိုက်မှုရှိတယ်လို့တော့ မကြား‌ရသေးဘူး။ အိမ် ၅ လုံးလောက်ထိတယ်လို့ ကြားတာ။ အဲဒီနေရာမှာက အရင်ကတည်းက PDF တွေနေတဲ့ နေနေကျနေရာဆိုပြီး ရဟတ်ယာဉ်နဲ့ လာပစ်သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာပစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး မွန်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ‌ကို မေးပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

မေ ၂ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ မီးလောင်ပြင်ကို လာကြည့်တဲ့ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အစောင့်အဖြစ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ကတော့ အထိအခိုက်မရှိခဲ့ဘဲ မော်လမြိုင်ဘက်ကို ချက်ချင်း ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ရင်းတွေကလည်း ဓမ္မသရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခရိုင်အဖွဲ့ကတော့ ထိခိုက်မှုမရှိဘဲ တခြားစစ်ကောင်စီတပ်သား‌တို့က ထိခိုက်တာတွေရှိတယ်။ သူတို့ပြန်ပြီးတာနဲ့ ဓမ္မသရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဘာတွေထိခိုက်သွားတာလဲဆိုတာ ကျနော်တို့လည်း မသိရသေးဘူး” လို့ ပြောပါတယ်။

ဓမ္မသရွာကို ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း ရွာတည်ငြိမ် အေးချမ်းနေပြီဖြစ်တာကြောင့် စစ်ရှောင်တွေ နေရပ်ပြန်လာကြဖို့ ကျိုက်မရောမြို့နယ်အတွင်း ဗီနိုင်းပိုစတာတွေချိတ်တာ၊ စစ်ကောင်စီမီဒီယာတွေမှာ ကြေညာတာနဲ့ ပရဟိတအဖွဲ့တွေက တစ်ဆင့် အသိပေးတာတွေလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီမီးရှို့ထားတာကြောင့် နေအိမ်တွေ ကုန်သလောက်ရှိနေပြီး နေစရာ အိမ်မရှိတော့တာအပြင် စစ်တပ်ကိုလည်း အယုံအကြည်မရှိတာကြောင့် ပြန်လာမှာမဟုတ်ဘူးလို့ စစ်ရှောင်တွေက ပြောကြောင့် စစ်ဘေးရှောင် ကူညီသူတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်တာနဲ့ ပတ်သက်တယ်လို့စွပ်စွဲပြီး ဒေသခံ ၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က ညောင်တုန်းမြို့၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ပြီး အဲဒါနဲ့ ပတ်သက်လို့ ရုံးနားမှာ နေထိုင်တဲ့ လူငယ် ၇ ယောက်ကို ဧပြီ ၃၀ ရက်နဲ့ မေ ၂ ရက်တို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ် လို့ဆိုပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရသူတယောက်က “မီးလောင်မှုဖြစ်စဉ်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေ လာရောက်စစ်ဆေးတယ်။ အစစ်အဆေးခံရတဲ့သူ မနည်းဘူး။ ရပ်ကွက်ရုံးအနီး နေထိုင်တဲ့ လူငယ်တွေကို ခေါ်ယူမေးမြန်းတာတွေလုပ်တာ။ အဲဒီအထဲက လူငယ် ၇ ဦးကို ဖမ်းဆီခဲ့တာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ် ၇ ယောက်ဟာ အမှတ် ၉ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်ကနေ ၂၅ နှစ် အရွယ်ရှိ ဒေသခံလူငယ်တွေဖြစ်ပြီး လက်ပြန်ကြိုးတွေ တုပ်ခေါ်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူးရုံးကတော့ ရှို့မီးကြောင့် လောင်တာ ဟုတ်တယ်။ အခု ဖမ်းခံရတဲ့ ကလေးတွေ လုပ်တာလို့ တထစ်ချ ပြောလို့ မရပါဘူး။ အသေးစိတ် စစ်ဆေးစရာ ရှိလို့ဆိုပြီး ခေါ်သွားတာ။ ဒီနေ့အထိတော့ အမှုဖွင့်တယ် ဘာညာ မကြားရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၇ ယောက်ကို ညောင်တုန်း မြို့မရဲစခန်းမှာပဲ ထားရှိစစ်ဆေးနေတယ်လို့သိရပြီး အမှုမဖွင့်သေးသလို မိသားစုနဲ့လည်း ဆက်သွယ်ခွင့် မပေးသေးဘူးလို့ ဆိုပါတယ်။

အဲဒီ မီးလောင်ကျွမ်းခဲ့တဲ့ ညောင်တုန်းမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့ ဧပြီ ဒုတိယအပတ်ကလည်း အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ရုံးခန်းအတွင်း ဖဲဝိုင်းလုပ်နေရင်း ဓားထိုးမှုဖြစ်လို့ လောင်းကစားနေသူ ၁ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Photo - U Aung Kyi Thein / Htet Htet

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013