DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲခံခဲ့ရသည့် စာသင်ကျောင်းက ကလေးများ ကိုယ်နှင့်စိတ်ဒဏ်ရာ ခံစားနေရဆဲဖြစ်
DVB
·
May 5, 2024
ဗုံးကြဲခံခဲ့ရသည့် စာသင်ကျောင်းက ကလေးများ ကိုယ်နှင့်စိတ်ဒဏ်ရာ ခံစားနေရဆဲဖြစ်
Donate to DVB

ကရင်နီ(ကယားပြည်နယ်) ဒီးမော့ဆိုအနောက်ခြမ်းတနေရာမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာ မေ ၅ ရက်နေ့ ဒီကနေ့မှာ ၃ လပြည့်မြောက်ပြီဖြစ်ပေမဲ့ ကိုယ်နဲ့စိတ် ဒဏ်ရာတွေ ခံစားနေဆဲဖြစ်တယ်လို့ ကြုံခဲ့ရသူ ဒေသခံတွေက ပြောပါတယ်။

ကလေးတွေဟာ လေယာဉ်သံကြားရင်ကြောက်ရွံ့နေကြပြီး ညဘက်တွေမှာ ဗုံးခိုကျင်းထဲဝင်မှ အိပ်ပျော်တာမျိုးနဲ့ အထိတ်တလန့်ငိုကြွေးကြတာတွေကို ခံစားနေကြရပြီး တချို့ဆိုရင် အိပ်ဆေးတောင်းသောက်တဲ့အထိပဲလို့ ဗုံးကြဲချခံရတဲ့ဖြစ်စဉ်မှာ သားဆုံးရှုံးလိုက်ရသူ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကလေးတွေက ဖြစ်ဖြစ်ချင်းဆို အဲလောက်မဟုတ်ဘူး နည်းနည်း နည်းနည်း ကြာသွားတော့မှ ဖြည်းဖြည်းချင်း စိတ်ဒဏ်ရာရတဲ့ဟာ ပြန်ပေါ်လာတာ။ ဘယ်လောက်အထိလဲဆို တချို့ကလေးတွေကျတော့ လေယာဉ်သံကြားတာနဲ့ မျက်ရည်နဲ့ငိုပြီး ပြန်ပြေးလာတယ်။ တခါတလေ လေယာဉ် ညညလာတယ်ဆိုရင်လည်း မိဘတွေက အိပ်ပျော်နေပေမဲ့ ကလေးတွေက အရင်နိုးတယ်။ ‘အမို့ ဗုံးခိုကျင်းထဲဝင်မယ်၊ ဗုံးခိုကျင်းထဲအိပ်မယ်’ အဲလိုမျိုးအထိ ကလေးတွေရှိတယ် ညမအိပ်ခင်လည်း ဗုံးခိုကျင်းမှာပဲအိပ်မယ်။ အဲလိုမျိုး ကြောက်စိတ်တွေ၊ တချို့ကလေးတွေဆို အိပ်မပျော်လို့ အိပ်ဆေးတောင်းသောက်တဲ့အထိပဲ။ အဲလောက်အထိတောင်မှ ဆိုးသွားတာပေါ့နော်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ်ဟာ အဲဒီကျေးရွာက အလယ်တန်းကျောင်းနဲ့မူကြိုကျောင်းကို ပေါင် ၅၀၀ ဗုံးသီး အပါအဝင် ၄ လုံး ရုတ်တရက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ၁၂ နှစ်ကနေ ၁၄ နှစ်ဝန်းကျင် ကလေး ၄ ယောက် သေဆုံးပြီး ဆရာ ဆရာမ နဲ့ဒေသခံ ၅၁ ယောက်ထက် မနည်း ဒဏ်ရာရခဲ့တာပါ။

ဗုံးကြဲတာကို ကြုံတွေ့လိုက်ရတဲ့ကလေးတွေဟာ နားနဲ့ပတ်သက်တဲ့ပြသနာတွေ၊ ချောင်းဆိုး သွေးပါတာတွေပါ ခံစားနေကြရတယ်လို့ သိရပါတယ်။

ဆရာမတယောက်က “အတွင်းဒဏ်ကိုကြည့်မယ်ဆိုရင်လည်း အခုထိ ပြန်တွေ့တွေ့နေရတယ်၊ နားစည်ထိတာပေါ့။ ချောင်းဆိုးပြီး သွေးပါလာတာတို့၊ နားပြည်ထွက်တာတို့ တွေ့ရတယ်။ သူတို့ နားပြည်ကိုဆေးခတ်ပြီးတော့မှ ပြည်ကိုထုတ်လိုက်ရင် ယားတယ် ယားတယ် ဆိုပြီး အရည်တွေ ထွက်လာတယ်။ သွေးတွေထွက်လာတယ်။ အခုထိ ကလေးတွေက ဆိုးကျိုးခံစားနေရတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးကြည့်ရင် ဆေးရုံဆေးခန်းကလည်းမရှိဘူး။ ရှိတဲ့ဆေးရုံဆေးခန်းကလည်း နား၊ နှာခေါင်းနဲ့ပတ်သက်တဲ့ ပစ္စည်း ကိရိယာလည်းမရှိတော့ သွားရောက်ပြသတဲ့အခါမှာလည်း ဆရာဝန်က သောက်ဆေးနဲ့ခတ်တဲ့ဆေးပေးပေမဲ့ ပစ္စည်းမရှိတော့ အခက်အခဲတွေကြုံနေရတယ်။ ကျောင်း အပျက်အစီးကတော့ ဒီ ၃ လ အတွင်း ဒီအတိုင်းရှိနေဆဲပဲပေါ့။ ဘာလို့ရှိနေလဲဆို ပြန်ပြင်ဖို့က အလားအလာ မရှိတော့ဘူး။ ပြန်ပြင်ရင်လည်း ကလေးတွေက သင်ချင်စိတ်မရှိတော့ဘူး။ ကလေးတွေ မသင်ချင်သလို ဆရာ ဆရာမတွေကလ-ည်း မသင်ချင်ကြဘူး။ တချို့ကလေးတွေဆို သရဲကျောင်း လို့တောင် ပြောတယ်။ အဆင်ပြေသလိုတော့ ဒီနေရာမဟုတ်တဲ့တခြားနေရာမှာ ကလေးပညာရေးကို သင်ဖို့တော့စီစဉ်ကြရတော့မှာ” လို့ ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ မိဘတွေ၊ မိသားစုဝင်တွေကိုတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အပါအဝင် ဒေသတွင်း စစ်ရှောင်ကူညီသူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးတဲ့ အဖွဲ့တွေက ထောက်ပံ့မှုတွေကို တလ တကြိမ်လောက် လာရောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုအပြီး ကရင်နီပြည်ထဲက ကုန်းသာ၊ လအိ၊ ဖယ်ခုံ စတဲ့နေရာတွေကို လေကြောင်းက ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၁ ယောက်ထက်မနည်း ထပ်ပြီး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒီ ၃ နှစ်ကျော်အတွင်း ကရင်နီဒေသမှာ လေကြောင်းကနေ ၁၅၈၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အုံပေါင်း ၅၀၊ ပြည်သူတွေရဲ့အိမ်ပေါင်း ၂၅၂၈ လုံး၊ ဆေးရုံဆေးခန်း ၁၅ ခု၊ စာသင်ကျောင်း ၂၃ ကျောင်း ပျက်စီးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဆက်စပ်သတင်း—

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013