Home
ဆောင်းပါး
ငါတို့ နိုင်မှဖြစ်မယ် (သို့မဟုတ်) ထောင်အတွင်းမှ အိမ်အပြန်လမ်းများ
DVB
·
May 4, 2024

“ကျနော်တို့နိုင်မှ ကျနော်တို့ အိမ်ပြန်လို့ရမှာ” ဟု အပ်ချည်သာသာအုန်းဆံကို လက်သန်းလုံးလောက်ရှိသည့် တုတ်ချွန်၊ သွားကြားထိုးတံကို သုံးကာ ကျွမ်းကျင်စွာ ဆွဲကြိုးထိုးရင်း ကိုထွန်းကိုက ပြောသည်။ ကိုထွန်းကိုသည် (က) အဆင့်ထောင်မှ အမျိုးသားထဲရှိ နှစ်အကြီးဆုံးအကျဉ်းသားဖြစ်ပြီး ပေါက်ကွဲမှုပေါင်း ၇ မှုအတွက် ထောင်ဒဏ် ၆၉ နှစ် ကျခံထားသူလည်း ဖြစ်သည်။

ကိုထွန်းကိုတို့မှာ အမှုတွဲ ၃ ဦးဖြစ်ပြီး အဆိုပါထောင်တွင် ပြစ်ဒဏ်အများဆုံးသူများ ဖြစ်သည်။ သူတို့အားလုံးမှာ ပေါက်ကွဲ-၁၊ ပေါက်ကွဲ-၃၊ ပေါက်ကွဲ-၅၊ ပေါက်ကွဲ-၆၊ ပေါက်ကွဲ-၇ စသဖြင့် တဦးလျှင် အမှုပေါင်း ၅ မှုအထက် တရားစွဲဆိုခံရကာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ သူတို့ထဲမှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ကိုဘုန်း(အမည်လွဲ) မှာ ပေါက်ကွဲ ၇ မှု၊ ၅ဝ၅ ၁ မှုနှင့် ထောင်ဒဏ် ၆၁ နှစ်၊ သာမန်အရပ်သားတဦးဖြစ်သူ ကိုမင်းလတ်(အမည်လွဲ) မှာ ပေါက်ကွဲ ၉ မှုနှင့် ထောင်ဒဏ် ၆၆ နှစ် ပြစ်ဒဏ်ချမှတ်ထားသည်။

ကိုထွန်းကိုသည် နွေဦးတော်လှန်ရေးခေတ်ဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် အသံဗုံးဖောက်ခွဲခြင်းများ လုပ်ဆောင်ရင်း နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ကိုဘုန်းမှာလည်း ကိုထွန်းကိုကဲ့သို့ဖြစ်ပြီး ကိုမင်းလတ်မှာမူ အသံဗုံးထုတ်လုပ်သူ ဖြစ်သည်။ သူတို့အားလုံး နေအိမ်တွင် အသံဗုံးများနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ပထမတော့ ဆန္ဒပြတယ်ဆိုတာ လူတွေအများကြီးနဲ့ဆိုတော့ ပျော်လို့လိုက်ပြတာ။ စစ်တပ်က ပစ်ခတ်တော့ မခံချင်စိတ်နဲ့ ဗုံးခွဲတာတွေ လုပ်ခဲ့တာ။ ကျနော်တို့က ဘာနိုင်ငံရေးမှမသိဘူး” ဟု ကိုထွန်းက ဆက်ပြောသည်။

သူတို့အား မူလက ထောင်အတွင်း တိုက်၌ ထားရှိသော်လည်း နောက်ပိုင်းတွင် အခြားနိုင်ငံရေး အကျဉ်းသားများ၏ တောင်းဆိုမှုတခုအတွင်း သက်ရောက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားများသာ သီးသန့်ထားရှိသည့် ညအိပ်ဆောင်သို့ ရောက်ရှိလာခဲ့သည်။

ကိုထွန်းကိုတို့ပြီးလျှင် အဆိုပါထောင်၌ နှစ်အများဆုံးမှာ အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်။ ဗကသ ကျောင်းသားဟောင်းတဦးဖြစ်သူ ကိုကို(အမည်လွဲ) မှာ ၅၀၅ ၄ မှု၊ အကြမ်းဖက်ပုဒ်မ ၁ ခုဖြင့် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရပြီး ၎င်း၏ဇနီးဖြစ်သူပါ အကြမ်းဖက်ဥပဒေ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည်။

သူတို့ဇနီးမောင်နှံသည် တနှစ်ခန့် ထောင်တခုတည်းတွင် အတူချုပ်နှောင်ခံခဲ့ရပြီးနောက် အမျိုးသမီးဆောင် တာဝန်ခံကြီးကြပ်ရေးမှူး (အမျိုးသမီးထောင်မှူးကြီး-နှစ်ပွင့်) မှ သူနှင့်အဆင်မပြေသည့် ကိုကို၏ဇနီး အပါအဝင် ၃ ဦးအား ၂၀၂၃ ခုနှစ်၊ နှစ်လယ်တွင် ဗဟိုထောင်တခုသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၃ ဦးအား ၎င်းတို့ ရွှေ့ပြောင်းရသည့် ဗဟိုထောင်တွင် သီးခြားပစ်မှတ်ထားကာ လူ့ဂုဏ်သိက္ခာနှင့်မညီသော နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ထောင်ပြောင်းတဲ့အခါ ပြောင်းလိုက်တဲ့ထောင်က လက်ခံမယ့်ထောင်ကို ထောင်ပုံစံ-၃၂ (ထောင်အခေါ် သာတီတူး) ပေးလိုက်ရတယ်။ အဲဒီမှာ ထောင်ပြောင်းအကျဉ်းသားအကြောင်း မှတ်ချက်ထည့်ပေးတတ်ကြတယ်။ အကျဉ်းသားရဲ့ ဆိုးသွမ်းမှုတွေကိုပေါ့။ အဓိကကတော့ လက်ရှိထောင်မှာ အုပ်ချုပ်လို့ မရကြောင်းပေါ့။ ဒါဆိုရင် လက်ခံမယ့်ထောင်က သူတို့ကို ပစ်မှတ်ထားပြီး မျိုးစုံ ညှဉ်းပန်းတော့တာပဲ။ ညှဉ်းပန်းတဲ့နေရာမှာ ထောင်ဝါဒါ (ထောင်ဝန်ထမ်း) က ညှဉ်းပန်းတာလည်း ရှိတယ်။ အကျဉ်းသားအရာရှိတွေက ညှဉ်းပန်းတာလည်းရှိတယ်။ အကျဉ်းသားအချင်းချင်း ညှဉ်းပန်းတာလည်းရှိတယ်။ ဒါက ထောင်လောကရဲ့ ထုံးစံပဲ” ဟု ထောင်တခုမှ လက်ထောက်ကြီးကြပ်ရေးမှူး (ထောင်မှူးလေး-တပွင့်) တဦးက ရှင်းပြသည်။

“ကျနော့်မိန်းမအတွက် စိတ်ပူတယ်။ သူက ခေါင်းမာတယ်၊ မပါးနပ်ဘူး။ သူ့ခေါင်းမာမှုကြောင့် ထောင်ပြောင်းပါသွားတာ၊ ဒါကိုစိတ်ပူတာပါ” ဟု ကိုကိုက ပြောသည်။ သူ၏ မျက်ဝန်းများတွင်လည်း မျက်ရည်စများ ဝေသီနေသည်။

သူတို့ဇနီးမောင်နှံကဲ့သို့ပင် ကိုအတာတို့ ဇနီးမောင်နှံလည်း အတူတူ ထောင်ဒဏ်ချမှတ်ခံရသူများ ဖြစ်သည်။ ကိုအတာမှာ ၅ဝ၅-က ဖြင့် ၆ မှု၊ အကြမ်းဖက်ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသော်လည်း ဇနီးဖြစ်သူမှာ ၅ဝ၅-က ဖြင့် ၂ နှစ်သာ ချမှတ်ခံရသဖြင့် ကိုကိုတို့ဇနီးမောင်နှံထက်စာလျှင် တော်သေးသည်ဟု ဆိုရပေလိမ့်မည်။

အဆိုပါ က အဆင့်ထောင်တွင် မီးသွေးဖုတ်သည့်အလုပ်ဖြင့် အသက်မွေးကျောင်းနေသည့် ဇနီးမောင်နှံနှင့် အမျိုးသမီးဖြစ်သူ၏ မောင်ဖြစ်သူလည်း ရှိနေသည်။ မီးသွေးဖုတ်နေသည့် တောထဲရှိ ၎င်းတို့တဲတွင် စားနပ်ရိက္ခာအတွက် ဆန်နှစ်အိတ် ဝယ်ယူသိုလှောင်ထားသည်။ အဆိုပါဆန်နှစ်အိတ်ကို အကြောင်းပြုကာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ စစ်တပ်အား တိုင်လိုက်သဖြင့် အကြမ်းဖက်ထောက်ပံ့-၅၀(ည) ဖြင့် သုံးဦးလုံး ထောင်ဒဏ် ၁ဝ နှစ်စီ ကျခံနေရသည်။

သူတို့လို ဘုမသိ ဘမသိဖြင့် ထောင် ၁ဝ နှစ် ချခံရသူမှာ အသက် ၅ဝ ကျော် ဦးသန်း ဖြစ်သည်။ ဦးသန်းသည် ရိုးမတောင်ခြေရှိ ရွာလေးတွင် အိမ်ဆိုင်လေးဖွင့်ထားသူ ဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလလောက်တွင် သူ့ဆိုင်ကို စစ်တပ်မှ လာရောက်ဝိုင်းဝန်းပြီး ဖမ်းဆီးကာ ၅၀(ည) ဖြင့် ထောင်ချလိုက်သည်။ PDF တပ်ဖွဲ့ဝင်များအား ဈေးရောင်းချသည်ဆိုသည့် စွပ်စွဲချက်ဖြင့်။

တကယ်တော့ အဆိုပါထောင်တွင် နှစ်အကြီးဆုံး ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးမှာ အမျိုးသမီးများ ဖြစ်သည်။ အင်းစိန်မှ ထောင်ပြောင်းဖြင့် ရောက်ရှိလာသူ အဆိုပါ အမျိုးသမီး ၃ ဦးအနက် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးအား ၅၀(ဈ)၊ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးအား ၅၀(ည)၊ အသက် ၄၆ အရွယ် အမျိုးသမီးအား ၅၀(က) တို့ဖြင့် စစ်ခုံရုံးမှ ထောင်တသက် လွတ်ရက်မရှိ အမိန့်ချခံထားရ၍ တဦးမှာ အစ္စလာမ်ဘာသာဝင် ဖြစ်သည်။

သမီးနှစ်ဦးနှင့်အတူ ထောင်ဒဏ်ချမှတ်ခံထားရသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် မိသားစုလည်း အဆိုပါထောင်တွင်ရှိခဲ့သည်။ ယခင်တည်းက NLD ပါတီဝင် အမာခံ၊ လက်ရှိတွင် မြို့နယ်ဥက္ကဋ္ဌ၊ သမီး အငယ်မဖြစ်သူ တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် အမဖြစ်သူတို့သည် သဘာဝဘေး-၂၅ ဖြင့် ဖမ်းဆီးခံရသည်။ သမီးအကြီးဖြစ်သူမှာ အချုပ်မှာပင် လွတ်မြောက်သွားခဲ့သော်လည်း သမီးအငယ်နှင့် ဖခင်ဖြစ်သူမှာ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၎င်းတို့သားအဖ လွတ်ခါနီး ၃ လအလိုတွင် သမီးအကြီးဖြစ်သူမှာ ၅ဝ၅-က ဖြင့် ပြန်လည်ဖမ်းဆီးခံရပြန်သည်။ မကြာခင် လွတ်ရက်စေ့၍ သားအဖနှစ်ဦး အိမ်ပြန်သွားသော်လည်း သမီးအကြီးမှာ ထောင် ၂ နှစ် ချမှတ်ခံရပြီး အိမ်မပြန်နိုင်ခဲ့ပါ။

ထို့အပြင် ပညာရေးတက္ကသိုလ်မှ ကျောင်းသား ၃ ဦးမှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားသူ (CDM) များကို ‌ထောက်ပံ့မှုဖြင့် အကြမ်းဖက်ထောက်ပံ့-၅၀(ည) ဖြင့် တရားစွဲဆိုခံထားရသည်။ ၎င်းတို့အထဲမှ တဦးမှာ ရန်ကုန်ပညာရေးတက္ကသိုလ်မှ အသက် ၂၀ ကျော် ကျောင်းသားတဦးဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည်။ အခြားနှစ်ဦးမှာ ပညာရေးကောလိပ်မှ အသက် ၁၉ နှစ်အရွယ် ကျောင်းသားများဖြစ်ပြီး အကြမ်းဖက်ထောက်ပံ့-၅၀(ည) ဖြင့် တရားစွဲဆိုခံထားရသော်လည်း အမိန့်ချမှတ်သည့်အခါ ၅ဝ၅-က ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည်။ သူတို့နှစ်ဦးသည် ၂၀၂၁ ခုနှစ်တည်းက ဖမ်းဆီးခံထားရသူများ ဖြစ်သည့်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပေးခဲ့သည့် လွတ်/ငြိမ်းတွင် အမည်စာရင်း ပါဝင်လာခဲ့သည်။ သို့သော်လည်း ခရိုင်မှ ပြင်ဆင်ချက် တက်ထားသည်ဟုဆိုကာ ထောင်ဗူးဝ၌ ပြန်လွှတ်မပေးခဲ့ပေ။

သူတို့ကဲ့သို့ ကြုံခဲ့ရသည်မှာ ပုဒ်မ-၃၃၃ (တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား အပြင်းအထန် နာကျင်စေမှု)၊ ၅ဝ၅-က ဖြင့် တရားစွဲဆိုခံရသူ ရှေ့နေတဦးဖြစ်သည်။ ၎င်းသည် စစ်တပ် စစ်ဆေးရေးဂိတ်တွင် သူ၏ ယောက္ခမဖြစ်သူအား စစ်သားတဦးမှ အကြောင်းမဲ့ သေနတ်ဖြင့်ချိန်ရာမှ ခိုက်ရန်ဖြစ်ပွားကာ အဆိုပါပုဒ်မများ တပ်ခံရခြင်းဖြစ်သည်။ အမှန်တော့ သူက သေနတ်နှင့်မချိန်ရန် ကန့်ကွက်သည်ကို စစ်သားမှ တဦးချင်း ထိုးသတ်ကြရန် စိမ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးရေးဂိတ်ရှိ အရာရှိရှေ့တွင် အဆိုပါအရာရှိ ခွင့်ပြုချက်ဖြင့် တဦးချင်း ထိုးသတ်ကြရင်း စစ်သားဖြစ်သူမှာ လက်ကျိုးသွားခဲ့သည်။ ထိုအခါ စစ်ဆေးရေးဂိတ်ရှိ အရာရှိ အပါအဝင် စစ်သားများမှ ဝိုင်းဝန်းရိုက်နှက်ကာ ပုဒ်မများတပ်၍ ထောင်သို့ပို့လိုက်ခြင်း ဖြစ်သည်။

သူသည် အဆိုပါပုဒ်မနှစ်ခုကြောင့် ထောင် ၅ နှစ် ချမှတ်ခံရသည်။ အယူခံတက်ရာတွင် ၅၀၅-က ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ-၃၃၃ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ တပေါင်းတည်းကျခံစေခြင်းကြောင့် စုစုပေါင်း ထောင်ဒဏ် ၁ နှစ်အထိ ဖြေလျော့ခံခဲ့ရသည်။ သို့သော် သူသည်လည်း လွတ်ရက်မတိုင်မီ တရက်အလိုတွင် တိုင်းမှ ပြင်ဆင်ချက်တက်သည်ဟုဆိုကာ လွှတ်မပေးခဲ့ချေ။

“ပြင်ဆင်ချက်တက်တယ်ဆိုတာ ၄၅ ရက်အတွင်းတက်မှ အကျုံးဝင်ပါတယ်။ အခု လွှတ်ပေးခါနီးမှ ပြင်ဆင်ချက်တက်တယ်ဆိုပြီး လွှတ်မပေးတာက ဥပဒေနဲ့ ဘယ်လိုမှ အကျုံးမဝင်ပါဘူး” ဟု ရှေ့နေတဦးက ပြောသည်။

အဆိုပါထောင်တွင် ထူးခြားသူတဦးမှာ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည်။ သူသည် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းသည့် ထုတ်ပြန်ကြေညာချက်အား လူမှုကွန်ရက်တွင် ထပ်ဆင့်ဖြန့်ဝေခဲ့သည်။ ထို့ကြောင့် ၅ဝ၅-က ဖြင့် ထောင် ၂ နှစ် ချမှတ်ခံရသည်။ ဖမ်းဆီးခံရပြီး ၁ နှစ်ပြည့်သည့်အချိန်၌ လူမှုကွန်ရက်တွင် ထပ်ဆင့် ဖြန့်ဝေခဲ့သည့် အကြောင်းအရာမှာ မန်မိုရီ ပြန်တက်လာခဲ့သည်။ ထိုအရာအား အကြောင်းပြု၍ စစ်ကောင်စီမှ အကြမ်းဖက်အားပေးမှု ၅၀၅(က) ဖြင့် ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် ၇ နှစ် ထပ်မံကျခံခဲ့ရသည်။

ဖမ်းဆီးခံထားရသူများအတွင်း မတရားဖမ်းဆီးမှုကို ပေါ်လွင်စေသည်မှာ ကိုသုခ ဖြစ်သည်။ ကိုသုခသည် ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းပါ။ ရုံးထုတ်လျှင် ဆေးခန်းမှာ Wheelchair ကို အသုံးပြုရသည်။ ၎င်းအား ၅၀၅-က၊ ၅၀(ည) ဖြင့် တရားစွဲဆိုထားသည်။

ထို့အတူ သားဖြစ်သူမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်ဖွဲ့ဝင်တဦး ဖြစ်နေသဖြင့် အသက် ၆၄ နှစ်အရွယ်ရှိ ဦးဇော်ကို စစ်တပ်မှ ဖမ်းဆီးခဲ့ပြီး ၅၀၅-က ဖြင့် ထောင် ၂ နှစ် ချမှတ်ခဲ့သည်။

“ထောင်ထဲမှာ ကျနော်ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံသားအကျဉ်းသား အတော်များများက သူတို့ပြောတဲ့ ပြစ်မှုပေါ့၊ အဲဒီပြစ်မှုကျူးလွန်ခဲ့လို့ အပြစ်ပေးခံရတာ မရှိသလောက်ပါပဲ။ မတရား ဖမ်းဆီးခံရတာချည်းပါပဲ။ တခြားအမှုတွေထဲမှာလည်း မတရားခံရတာတွေ တွေ့ခဲ့ရတယ်” ဟု နိုင်ငံရေးအကျဉ်းသားတဦးမှ ဆိုသည်။

ထောင်အတွင်းရှိ နှစ်ကြီးသမား ၃ ဦး၏ ဇနီးများမှာ စားဝတ်နေရေး ခက်ခဲမှုကြောင့် နောက်အိမ်ထောင်များ ထူထောင်သွားကြသဖြင့် ၎င်းတို့၏ မိသားစုဘဝများလည်း ပျက်စီးခဲ့သည်။ ထိုအထဲတွင် ကြေကွဲစရာ အဖြစ်အပျက်တခု ရင်ဆိုင်ခဲ့ရသူမှာ ကိုငပိန် ပင်။

ကိုငပိန်သည် စစ်ပြေးတဦးဖြစ်ပြီး စစ်ပြေးမှုဖြင့် ထောင်ကျခံခဲ့ရသည်။ ထောင်မှ လွတ်လာပြီးနောက် စက်လှေတစီးဝယ်ယူကာ မြစ်အတွင်း ပြေးဆွဲရင်း သားတဦး၊ သမီးတဦးဖြင့် ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားခဲ့သည်။

၂၀၂၁၊ နိုဝင်ဘာလအတွင်း လူငယ်နှစ်ဦးမှ သူ၏စက်လှေကို ငှားရမ်းကာ မြစ်တဖက်ကမ်းသို့ လိုက်ပို့ခိုင်းသည်။ ကိုငပိန်မှာ ၎င်းတို့ကိုတင်ဆောင်ပြီး စက်လှေကို မြစ်ကမ်းနား ကပ်မောင်းနေစဉ် လှေပေါ်၌ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။ မကြာမီ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ စစ်တပ်မှ ရောက်ရှိသည့်အခါ သေဆုံးသူတဦးနှင့်အတူ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရထားသူ ကိုငပိန်အား တွေ့ရှိ ဖမ်းဆီးလိုက်ကြသည်။ လွတ်မြောက်သွားသူအား မေးမြန်းသော်လည်း ကိုငပိန်တွင် အဖြေမရှိခဲ့ပါချေ။

ထောင်ရောက်ပြီး ၆ လခန့်အကြာတွင် ကိုငပိန်အတွက် ကြေကွဲစရာသတင်းတခု ရောက်လာသည်။ လုယက်မှုနှင့် ထောင်ကျပြီး ဇန်နဝါရီ ၄ ရက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ လွတ်ငြိမ်းဖြင့် လွတ်မြောက်သွားခဲ့သူတဦးမှ ကိုငပိန်အိမ်သို့တက်ကာ သားဖြစ်သူလက်ရှိ ရွှေဟန်းချိန်းအား လုပြီး လက်ကို ဓားဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်။ ဓားခုတ်မှုကြောင့် ကိုငပိန်၏ သားဖြစ်သူ လက်မှာ ပြတ်ထွက်မတတ် ဖြစ်သွားခဲ့သည်။ လုယက်သူနှင့် ကိုငပိန်မှာ တရပ်ကွက်တည်းသား၊ အိမ်နီးနားချင်းဖြစ်ပြီး ၎င်းထောင်အတွင်းရှိစဉ် ကိုငပိန်မှ ကျွေးမွေးကြည့်ရှုထားသူပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထောင်ကျပြီး နှစ်နှစ်မျှအကြာ၌ ကိုငပိန်တွင် သားတဦး လက်ဆုံးရှုံးခဲ့ရသလို အိမ်ပြန်ချိန်တွင် ကြိုလင့်မည့် ဇနီးလည်း မရှိတော့သည်မှာ သေချာခဲ့ပြီဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဦးသိန်းမှာ အစိုးရဝန်ထမ်းမှ ပင်စင်ယူပြီးနောက် ရွာရှိ သူပိုင်ခြံကျယ်ကြီးထဲတွင် သံပုရာစိုက်ပျိုးရောင်းချခြင်းဖြင့် အသက်မွေးကာ ဘဝနေဝင်ချိန်ကို ဖြတ်သန်းနေသူဖြစ်သည်။ ၂၀၂၁ ခုနှစ် မေလအတွင်း အဆိုပါခြံဝန်းထဲတွင် ပြင်းထန်သည့် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုနှင့်အတူ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ရဲ CDM တဦး သေဆုံးခဲ့ပြီး ရဲ CDM တဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ မကြာခင် သေဆုံးသွားသည်။ အဆိုပါပေါက်ကွဲမှုတွင် ခြံပိုင်ရှင်ဖြစ်သူ ဦးသိန်းမှာ ပေါက်ကွဲမှုဖြင့် ထောင် ၁ဝ နှစ် ချမှတ်ပြီးနောက် ဘဝနေဝင်ချိန်အား ထောင်ထဲတွင် မပျော်ပိုက်စွာ ဖြတ်သန်းနေလျက် ရှိသည်။

ထောင်အတွင်း ဆေးရုံထောင်နှင့် ထောင်မကြီးအား ကာရံပိုင်းခြားထားသည့် အုတ်နံရံဘေးတွင် ထောင်ဖွင့်ချိန် သွားထိုင်ကြရင်း အဆောင်အသီးသီးမှ သတင်းများကို ဖလှယ်ကြသည့် အုတ်ရိုးသတင်းဌာန ရှိသည်။ ထိုအုတ်ရိုးသတင်းများသည် ရေရာလှသည်မဟုတ်ဘဲ ကိုယ်ဖြစ်စေချင်သည့် အကြောင်းအရာများသာ ပြောကြားကြသည်။

ထိုအုတ်ရိုးသတင်းတွင် ရေရာသည်ဟု ယူဆရသည့် သတင်းဖြန့်ဖြူးသူများ ရှိသည်။ သူတို့သည် ထောင်ဝန်ထမ်းအား ပိုက်ဆံပေးကာ သတင်းဌာနများမှ တင်ဆက်သည့် ထူးခြားသတင်းခေါင်းစဉ်နှင့် သတင်းအတိုချုပ်အား စာရွက်နှင့် ရေးမှတ်စေပြီး ပိုက်ဆံပေးဝယ်စေခြင်း ဖြစ်သည်။ နောင်တွင် ထောင်ဝန်ထမ်းထံမှ ထောင်တွင်းသို့ ယူဆောင်လာသည့် အဆိုပါစာရွက်အား မိန်းဂျေးတွင် ဝန်ထမ်းချင်း မိသွားပြီးနောက် သတင်းအဆက် ပြတ်သွားပြန်သည်။

ထို့နောက် စမတ်ဖုန်းတလုံးကို ထောင်ဝန်ထမ်းအား ၅ သိန်းပေး၍ ထောင်ထဲသွင်းပြီး သတင်းဖတ်သည်။ အစောပိုင်းတွင် ထူးခြားသတင်းများကို စာရွက်ဖြင့်ရေးမှတ်ပြီး လက်ဆင့်ကမ်း ဖြန့်ဖြူးသော်လည်း နောက်ပိုင်းတွင် Memory Stick တခု ခိုးသွင်းကာ Download လုပ်ထားသည့် သတင်းများကို DVD စက်ရှိ USB မှထိုး၍ တခန်းလုံး ကြည့်ကြသည်။

ထိုသတင်းများထဲမှ စစ်ခွေးနိဂုံး ၂၀၂၃ နှင့် ၂၀၂၃ တွင် အိမ်ပြန်မည်ဆိုသည့် ခေါင်းစဉ်များသည် သူတို့အတွက် မျှော်လင့်ချက်ဖြစ်သည်။ နှစ်ကုန်လျှင် အိမ်ပြန်ကြမည်ဟု သူတို့ ကြုံးဝါးနေကြသည်။ ထိုသို့လည်း သူတို့ ယုံကြည်နေကြသည်။ ထိုယုံကြည်ချက်ဖြင့် ခက်ခဲလှသည့် နေ့ရက်များစွာကို ကျော်ဖြတ်နေကြသည်။

“ကျနော်ရှိစဉ်က (၂၀၂၃၊ ဇန်နဝါရီ ၃ အထိ) ထောင်မှာ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၄၄ ဦး၊ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း ၁၉၀ ရှိပါတယ်။ အဲဒီမှာမှ ၅၀၅-က သီးသန့်က အချုပ်မရှိတော့ပါဘူး။ အကျတွေချည်းပါပဲ။ အမျိုးသား ၄ဝ၊ အမျိုးသမီး ၂၀ စုစုပေါင်း ၈ဝ ပါ။ ၅၀၅-က နဲ့ အခြားအမှုတွဲထားတာက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁ဝ ဦး။ အားလုံး အကျချည်းပါပဲ။ ပေါက်ကွဲကလည်း အကျချည်းပါပဲ။ အမျိုးသား ၁ဝ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ။ အကြမ်းဖက်ပုဒ်မနဲ့က အချုပ်မှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၆ ဦး၊ အကျမှာက အမျိုးသား ၆၄ ဦးနဲ့ အမျိုးသမီး ၁၈ ဦး၊ အကျ/အချုပ်ပေါင်း ၈၉ ဦး ဖြစ်ပါတယ်။ ထောင်အတူကျသူ သားအဖ(ဖခင်နှင့်သား) ၅ စု၊ သားအမိ(မိခင်နှင့်သမီး/သား) ၂ စု၊ ဖခင်၊ မိခင်နဲ့ သား အဲဒီလို မိသားစုလိုက် ထောင်ကျသူက ၁ စု၊ အမျိုးသားနဲ့ အမျိုးသမီး ထောင်အတူကျသူ ဇနီးမောင်နှံက ၇ စု ရှိပါတယ်။ အဲဒီမှာက အဆိုးဆုံးက ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း မြို့မှာဖြစ်ပွားခဲ့တဲ့ စစ်တပ်သတင်းပေးအိမ် ဖျက်ဆီးမှု အမှုတွဲပါပဲ။ အဲဒီအမှုကနေ တနှစ်အတွင်း ထောင်ချခံရသူ ၁၅ ဦးကျော် ရှိခဲ့ပါတယ်။ ခုနပြောတဲ့ မိသားစုလိုက် ထောင်ကျတာကလည်း အဲဒီအမှုကပါ။ အဲဒီအမှုက အခုထိ မပိတ်သေးပါဘူး” ဟု ၂ဝ၂၃၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်မြောက်လာသည့် သတင်းထောက်တဦးမှ ပြောသည်။

ထူးခြားသည်မှာ အဆိုပါအမှုတွဲတွင် မိဘအိမ် ရေသွားချိုးသည့် ကြံခိုင်ရေးပါတီဝင် အမာခံတဦးအား စစ်တပ်မှ မဆီမဆိုင် ဖမ်းဆီးကာ ထောင် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ခင်ဗျားတို့ဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ မဟုတ်ဘူး။ ဒါ့ကြောင့် ကျနော် ခင်ဗျားတို့ကို အခြား ရာဇဝတ်သားတွေလို မဆက်ဆံခဲ့ဘူး။ ကျနော်ကိုယ်တိုင် မနှိပ်စက်ခဲ့သလို ကျနော့်ဝန်ထမ်းတွေလည်း နှိပ်စက်မှုမရှိစေရေး ကျနော်ညွှန်ကြားထားခဲ့တယ်။ ဥပဒေဘောင်အတွင်းက ကျနော်တတ်နိုင်သမျှ ကူညီခဲ့တာ အားလုံးအသိပဲ။ ဒီတော့ ခင်ဗျားတို့အနေနဲ့ ကျနော့်ကို တခုကူညီပါ။ ထောင်ဆူအောင် မလုပ်ပါနဲ့။ ထောင်က မပြေးပါနဲ့။ အဆင်မပြေတာရှိရင် မိန်းဂျေးမှာ သတင်းပို့ပြီး ကျနော့်ကို အချိန်မရွေး တင်ပြနိုင်တယ်။ ဘယ်လောက်ပဲ နှစ်ကြီးကြီး တနေ့ အိမ်ပြန်ရမှာပဲ။ ထောင်ကိုရောက်လာတဲ့ရက်ရှိရင် အိမ်ပြန်မယ့်ရက်လည်း ရှိတယ်။ နောက်ဆုံး ကျန်ခဲ့ရတာက ထောင်နဲ့ ကျနော်တို့ဝန်ထမ်းတွေပဲ ရှိတယ်” ဟု အပတ်စဉ် တနင်္လာနေ့နံနက်တွင် ပြုလုပ်သည့် ထောင်ပိုင်တန်းစီတခုတွင် လက်ထောက်ညွှန်ကြားရေးမှူး (ထောင်ပိုင်ကြီး) မှ ပြောကြားခဲ့ဖူးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့-AAPP ၏ စာရင်းများအရ စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ ဧပြီ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းတွင် ဖမ်းဆီးခံရသူ ၂၆,၅၆၁ ဦးရှိပြီး လက်ရှိ ဖမ်းဆီးခံရသူ ၂ဝ,၃၅၈ ဦး ရှိကာ ၈,၉၃၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

“နိုင်ငံရေးအကျဉ်းသားတွေဟာ ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းမရှိဘဲ ဖမ်းဆီးခံရသူတွေ ဖြစ်သလို ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတအောင် ပြစ်ဒဏ်ချခံထားသူတွေ ဖြစ်ပါတယ်။ သူတို့အဖို့ တခုတည်းသော မျှော်လင့်ချက်ဟာ စစ်အာဏာရှင်ကိုနိုင်ဖို့ အမြစ်ဖြုတ်နိုင်ဖို့ပါပဲ။ စစ်တပ်မကျဆုံးသရွေ့ သူတို့လွတ်မြောက်ဖို့ အရေးမရှိပါဘူး” ဟု ထောင်မှလွတ်လာသည့် တက်ကြွလှုပ်ရှားသူတဦးက ဆက်ပြောသည်။

ထောင်၏သဘောသဘာဝအရ အကျဉ်းသားများကို မျှော်လင့်ချက် အမြဲပေးထားသဖြင့် ထောင်အတွင်း လွတ်/ငြိမ်းသတင်းမှာ အမြဲထွက်နေတတ်သလို ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ ညှိနိုင်းနေပြီး နိုင်ငံရေးအကျဉ်းသားများ အချိန်မရွေး လွတ်မြောက်နိုင်သည် ဆိုသည့် မျှော်လင့်ချက်ကိုလည်း ပေးထားသည်။

“အမေရေ၊ ဘာမှမမျှော်လင့်နဲ့တော့၊ ခုချိန်လွတ်လည်း အချိန်မရွေး ပြန်အဖမ်းခံရနိုင်တာပဲ။ ထောင်ကလွတ်ပြီးလည်း ထပ်ရှောင်နေရမှာပဲ။ ဒီတော့ သားတို့နိုင်မှပဲ လွတ်တာ အကောင်းဆုံး။ နိုင်မှ အိမ်ပြန်လာမယ် အမေလို့ သူဖုန်းဆက်တုန်းက ပြောတယ်။ အမေဆိုတာကတော့ ကိုယ့်သားကို ထောင်ထဲမှာ တနာရီ၊ တမိနစ်မှ မမြင်ချင်ဘူးလေ” ဟု နိုင်ငံရေးအကျဉ်းသားတဦး၏ မိခင်ဖြစ်သူ ဒေါ်မြမှ မျက်ရည်စများကို သုတ်ရင်း ပြောသည်။

အဆိုပါထောင်တွင် ၅၀၅-က ဖြင့် ထောင် ၃ နှစ် ချမှတ်ခံရပြီးနောက် ကျင့်-၄၀၁ ဖြင့် လွတ်ကာ ပြန်လည်ဖမ်းဆီးခံရသူ ၂ ဦး ရှိသည်။ တဦးမှာ NLD မြို့နယ် သတင်းပြန်ကြားရေး တာဝန်ခံဖြစ်ပြီး တဦးမှာ သတင်းထောက်ဖြစ်သည်။ သူတို့နှစ်ဦးသည် ထောင်မှလွတ်မြောက်ပြီးနောက် တနှစ်အတွင်း ပြန်လည်ဖမ်းဆီးခံရခြင်း ဖြစ်ကာ ၃ နှစ်စီ ချမှတ်ခံရသည်။ သူတို့နည်းတူ နောက်တဦး ဖမ်းဆီးခံရသော်လည်း အချုပ်မှာပင် လွတ်မြောက်ခဲ့သည်။

“တကယ်တော့ အန်တီတို့ကလည်း နိုင်မှဖြစ်မယ်ဆိုတာ သဘောပေါက်တယ်။ ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေကို နိုင်သလောက် လှူတယ်။ အန်တီတို့နိုင်မှ ကလေးတွေ သားတို့လို အဖြစ်မျိုး ထပ်မကြုံရမှာ” ဟု ဒေါ်မြမှ ဆက်ပြောသည်။ ဒေါ်မြ၏မျက်ဝန်းများသည် မျက်ရည်စများ ဝေ့သီနေသော်လည်း နာကြည်းမှုများအား မြင်တွေ့နေရသည်။

၂၀၂၃ တွင် အိမ်ပြန်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကျန်းမာရေးဝန်ကြီးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ပြောထားသည်။ သို့သော် ၂၀၂၄ ခုနှစ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း NUG မှ ထိန်းချုပ်ထားသည့်မြို့ မယ်မယ်ရရ ရှိမနေသေးပါ။

၂၀၂၃ အတွင်း NUG မှ စစ်ကိုင်းတိုင်းအတွင်း ရွှေပြည်အေးမြို့၊ ကောလင်းမြို့နှင့် ကနီမြို့တို့အား သိမ်းပိုက်နိုင်ခဲ့သော်လည်း ပြန်လည်လက်လွှတ်ပေးခဲ့ရသည်။

တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA မှာ သူတို့ဆုံးရှုံးခဲ့သည့် ရှမ်းပြည်နယ် အထူးဒေသ(၁) ခေါ် ၁၉၈၉ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နဝတဖြင့် သဘောတူခဲ့သည့် ကိုယ်ပိုင် အုပ်ချုပ်နယ်မြေများ ပြန်လည်တိုက်ခိုက်ရယူခဲ့သလို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA မှာလည်း ပလောင်လူမျိုး အများစု နေထိုင်သော ဒေသများကို ရယူကာ အုပ်ချုပ်ရေး စတင်နေပြီဖြစ်သည်။ ရက္ခိုင့်တပ်တော်-AA မှာလည်း ရခိုင်ပြည်နယ်ရှိ မြို့ ၉ မြို့အား သိမ်းပိုက်ထားကာ ကျန်မြို့များရရှိရေး ဆက်လက်တိုက်ပွဲဝင်နေပြီး ကချင်လွတ်လပ်ရေး တပ်မတော်-KIA မှာလည်း ကချင်ဒေသရှိ စစ်စခန်းများအား တိုက်ခိုက်ဖယ်ရှားနေပြီ ဖြစ်သည်။

သက်တမ်းအရှည်ဆုံး တော်လှန်ရေးတပ်ဖွဲ့ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်-PDF များ အများဆုံးရှိနေသည့် ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော်-KNLA သည် စစ်ကောင်စီ၏ အသည်းနှလုံးကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားပြီး နှစ်ပေါင်းများစွာ စစ်ကောင်စီတပ်များ တပ်စွဲခဲ့သည့် တပ်စခန်းများအား တိုက်ခိုက်ဖယ်ရှားထားသလို ပဲခူးတိုင်းအစပ်အထိ နယ်မြေ ဖြန့်ကျက်ထားသည်။ သို့သော် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကော့ကရိတ်မြို့အား ပြန်လည်လက်လွှတ်ရမှု၊ မြဝတီမြို့တိုက်ပွဲ၏ အငြင်းပွားဖွယ် ဆုတ်ခွာရမှုများသည် လူထု၏ မျှော်လင့်ချက်ကို အားလျော့စေသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ပြောက်ကျားစနစ်ဖြင့် တိုက်ပွဲဖော်ဆောင်ပြီး နယ်မြေအချို့အား စိုးမိုးထားသည်ကလွဲလျှင် အခြား မယ်မယ်ရရ လုပ်မပြနိုင်သေးသလို အခြားတဖက်တွင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသည်။ ခိုင်မာအားကောင်းသည့် အုပ်ချုပ်ရေးအဖွဲ့များ မဖွဲ့စည်းနိုင်သေးဘဲ လက်ရှိဖွဲ့စည်းထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖများပင်လျှင် အာဏာရှင်ဆန်ဆန် ပြုမူမှုများကြောင့် ဆန္ဒပြမှုများ၊ ဝေဖန်မှုများဖြင့် ကြုံတွေ့နေရသည်။

ထို့အတူ ဖက်ဒရယ်ပဋိညာဉ်ဆိုသည့် နိုင်ငံရေးရည်မှန်းချက်တခုသာ ပြည်သူကိုချပြထားပြီး အဆိုပါ ဖက်ဒရယ်ပဋိညာဉ်တွင် ပါဝင်သည့် ဖက်ဒရယ်ယူနစ်များတွင် ၈ ပြည်နယ်၊ ၁၄ ပြည်နယ် အငြင်းပွားနေသလို ယူနစ်အလိုက် ကြားကာလဖွဲ့စည်းပုံ ရေးဆွဲရေးတွင်လည်း အငြင်းပွားကန့်ကွက်မှုများ ဖြစ်ပေါ်နေသည်။ ထို့အတူ စစ်အာဏာရှင်ကျဆုံးရေးအတွက် ကြွေးကြော်ထားခဲ့သည့် ဖက်ဒရယ်အာမီသည်လည်း NUG လက်အောက်ခံ PDF များနှင့် ဒေသခံ PDF များကြား မေ့ပျောက်သွားသည့် စကားရပ် ဖြစ်သွားခဲ့သည်။

“ကျနော်တို့က နှစ်တွေအများကြီး၊ NUG က နိုင်မှပဲ ကျနော်တို့ အိမ်ပြန်လို့ရမယ်။ အိမ်ပြန်ဖို့ တခုတည်းသော မျှော်လင့်ချက်က NUG နိုင်မှဖြစ်မယ်” ဟု ကိုထွန်းကိုက လေးတွဲ့စွာပြောရင်း သူ့အိမ်ရှိရာအရပ်သို့ ဆွေးမြေ့စွာ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ထိုအကြည့်သည် ပေ ၂၀ ကျော်မြင့်သော အုတ်ရိုးကြီးကိုတော့ မကျော်လွှားနိုင်ခဲ့ပါ။

ရဲထွန်းဦး

မှတ်ချက်။ ။ အမည်များအားလုံးမှာ လုံခြုံရေးအခြေအနေအရ အမည်လွှဲများ အသုံးပြုထားပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024