Home
ဆောင်းပါး
မေဒေးအောင်ပွဲမရသေးသော မြန်မာလုပ်သားထု
DVB
·
May 1, 2024

ပူပြင်းတဲ့ နေအပူရှိန်အောက် ဇယ်ဆက်သလို အလုပ်လုပ်ကိုင်နေရတာကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းမူ ရှိနေပေမဲ့ မသန္တာတယောက် လုပ်အားလျှော့ချဖို့ရာ မတတ်နိုင်ပေ။ မသန္တာအနေနဲ့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်ဝင်နေတာ ဖြစ်ပါတယ်။ မနက် ၈ နာရီကစ လုပ်ငန်းခွင်ဝင်ရပြီး တနေကုန် မနားတမ်း လုပ်ငန်းခွင်ထဲ ရုန်းကန်ရပြီး အစောဆုံး အလုပ်ဆင်းချိန်က ည ၈ နာရီ။

“တနေ့ အလုပ်ချိန်က ၁၀ နာရီအထက်ရှိတယ်။ ၁၅ နာရီလောက်လုပ်ရတာ ရှိတယ်။ အချိန်ပို ခေါ်သလောက် ဆင်းရတယ်။ ငြင်းမရဘူး။ ဘယ်လောက်ပင်ပန်းနေပါစေ ဆင်းပေးရတယ်” လို့ မသန္တာက ညီးညူပြောပါတယ်။

အဲဒီလို အလုပ်ချိန်များစွာ လုပ်ကိုင်နေရတာဟာ မသန္တာတယောက်တည်း မဟုတ်ဘဲ စက်ရုံ၊ အလုပ်ရုံ တော်တော်များများက အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေမှာ အလုပ်ချိန်က နိုင်ငံအများစုနည်းတူ တရက် ၈ နာရီလို့ ဆိုထားပေမဲ့ ထပ်တိုးခေါ်ယူစေခိုင်းတဲ့ အချိန်ပိုအလုပ်ချိန်က လူသားတယောက် လုပ်နိုင်စွမ်းထက် ပိုနေတာဖြစ်ပါတယ်။

“လုပ်ငန်းလိုအပ်ချက်ကြောင့်ဆိုပြီး အောလင်း(ညလုံးပေါက်) ဆင်းရတာတွေရှိတယ်။ ပြီးရင် မနားရဘူး၊ နောက်ရက် တဆက်တည်း အလုပ်ဆင်းကြရတယ်” လို့ အထည်ချုပ်စက်ရုံ လုပ်သားတဦးက ပြောပါတယ်။ 

စက်ရုံတချို့ဟာ အထည်အော်ဒါ အချိန်မီပြီးစီးအောင်ဆိုပြီး အလုပ်သမားတွေရဲ့ လုပ်အားကို ညှစ်ထုတ်စေခိုင်းတာတွေ တစိုက်မတ်မတ်လုပ်လာတာ ဖြစ်ပါတယ်။ သတ်မှတ်အလုပ်ချိန်အတွင်း အလုပ်သမားတွေကို လုပ်နိုင်စွမ်းရှိတဲ့ အထည်စံချိန်ထက် တိုးမြှင့်ခိုင်းစေကာ ပြီးပြတ်မှုမရှိရင် အချိန်ပိုလုပ်အားခမပေးဘဲ အချိန်ပိုဆင်းခိုင်းတဲ့ လုပ်အားခေါင်းပုံဖြတ်မှုတွေ ရှိလာတယ်လို့ အလုပ်သမားအရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ ဆိုးရွားတဲ့ အလုပ်ချိန်တိုးမြှင့်တာတွေ၊ ခေါင်းပုံဖြတ် ဖိနှိပ်တာတွေ များလာတာ၊ အလုပ်ရှင်တွေအနေနဲ့ ပေါ်ပေါ်တင်တင် ဥပဒေချိုးဖောက်မှုတွေအပေါ် သက်ဆိုင်ရာဌာနတွေက စည်းကြပ်မှုတွေ ရှိမနေတော့ဘူး” လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းစက်ရုံအလုပ်သမားတွေဟာ ပုံမှန်အလုပ်ချိန် အပါအဝင် အချိန်ပိုဆင်းရတဲ့ အလုပ်ချိန်ဟာ ၁၅ နာရီထက်မနည်း ရှိနေတာလို့ အလုပ်သမားတွေက ဆိုပါတယ်။ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အလုပ်ချိန်နဲ့ အချိန်ပိုခေါ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဥ် လမ်းညွှန်ချက်ထဲမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ တရက်ကို အချိန်ပို ၃ နာရီ၊ စနေနေ့ အချိန်ပို ၅ နာရီပဲ ခေါ်ယူဖို့ သတ်မှတ်ဖော်ပြထားပါတယ်။

ပုံမှန်အလုပ်ချိန်က တရက် ၈ နာရီနဲ့ ရက်သတ္တပတ်ကို ၄၄ နာရီထက် ပိုမစေခိုင်းဖို့နဲ့ အချိန်ပိုအနေနဲ့ ရက်သတ္တပတ်ကို နာရီ ၂၀ ထက် ပိုမခိုင်းဖို့ ဖြစ်ပါတယ်။ အဲဒီလို အချိန်ပိုခေါ်မယ် ဆိုရင်လည်း အလုပ်သမားဆန္ဒ ပါဖို့လိုပြီး အလုပ်သမားက မဆင်းလိုရင် မဆင်းလို့ရတယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေဟာ မြေပြင်အခြေအနေမှာ လုံးလုံးကြီး ဆန့်ကျင်နေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

“အချိန်ပိုမဆင်းလို့ အလုပ်ထုတ်ခံရတာတွေလည်း မနည်းဘူး” လို့ မသန္တာက ပြောပါတယ်။ စက်ရုံလုပ်ငန်းရှင်တွေဘက်ကတော့ အလုပ်လိုအပ်ချက်အရ အချိန်ပိုခေါ်ယူရတာဖြစ်ပြီး အဲဒီအတွက် ဥပဒေပါ လုပ်အားခခံစားခွင့်တွေ ပေးထားတယ်လို့ အကြောင်းပြပါတယ်။ အလုပ်သမားတွေရရှိတဲ့ အချိန်ပိုကြေး ခံစားခွင့်ဟာ တနာရီကို ၁,၄၀၀ ကျပ်ဝန်းကျင်သာ ရှိပါတယ်။ ဒါဟာ မူလသတ်မှတ်ထားတဲ့ တရက်လုပ်ခ အနည်းဆုံး အခကြေးငွေနှုန်း နည်းပါးမှုအရ ဖြစ်တည်လာတဲ့ အချိန်ပိုကြေးလို့ ဆိုနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားဝင် အနည်းဆုံးလုပ်ခနှုန်းက တရက်ကို ၄,၈၀၀ ကျပ်ဖြစ်ပြီး အဲဒီနှုန်းဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အနည်းဆုံးအခကြေးငွေ နှုန်းထားကို ပြင်ဆင်သတ်မှတ်ပေးဖို့ အလုပ်သမားတွေက အစဥ်တစိုက် တောင်းဆိုခဲ့ပေမဲ့ မရရှိဘဲ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကမှ စစ်ကောင်စီက ထောက်ပံ့ကြေးဆိုပြီး တရက် ၁,၀၀၀ ကျပ် ထပ်ဆောင်းပေးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် တရက် အနည်းဆုံးလုပ်ခဟာ ၄,၈၀၀ ကျပ်ပဲ ဆက်ရှိနေပြီး ၁,၀၀၀ ကျပ်က ထောက်ပံ့ကြေးခေါင်းစဥ် တပ်ထားတာကြောင့် စက်ရုံတချို့ဟာ အချိန်ပိုကြေးကို ၄,၈၀၀ ကျပ်ပေါ်ကနေပဲ အခြေခံတွက်ချက်ပေးချေနေတာ ရှိပါတယ်။ အဲဒီအချက်တွေအရ အလုပ်သမားတွေဟာ ခေတ်ကာလ၊ ကုန်စျေးနှုန်းနဲ့ လိုက်လျောညီထွေတဲ့ လုပ်အားခ မရရှိတဲ့အပြင် ချိုးနှိမ်ပေးတဲ့ အချိန်ပိုလုပ်အားခတွေနဲ့ပါ လုပ်အားညှစ်ထုတ်ခံနေကြရတာပဲ ဖြစ်ပါတယ်။

“အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုတွေဟာ တိုးမြင့်နေတယ်။ ဒါကြောင့်မလို့ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးက မဖြစ်မနေ ကြပ်မတ်ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှ ခေါင်းဆောင်တဦးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို တရားလက်လွတ် သတ်ဖြတ်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ အပါအဝင် ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို လုပ်အားညှစ်ထုတ် ခေါင်းပုံဖြတ်မှုတွေနဲ့ မြန်မာလုပ်သားထု အလူးအလဲ ခံနေရချိန်မှာ မေဒေးနေ့ဟာ မေလ ၁ ရက်မှာ ၁၃၄ ကြိမ်မြောက်ခဲ့ပါပြီ။ ၁၉ ရာစုအစမှာ အမေရိကန်ပြည်ထောင်စုက စက်ရုံ၊ အလုပ်ရုံ လုပ်သားတွေ တရက် အလုပ်ချိန် နာရီ ၂၀ လောက် စေခိုင်းခံရတဲ့ဖြစ်ရပ်ကို တွန်းလှန်ရာက ရရှိခဲ့တဲ့ အောင်ပွဲနေ့အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားတဲ့နေ့တနေ့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ညီလာခံက ၁၈၈၆ မေလ ၁ ရက်နေ့ကစပြီး တရက်အလုပ်ချိန် ၈ နာရီသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီလို အလုပ်သမားတွေရဲ့ ဇွဲရှိရှိ တိုက်ပွဲဝင် တောင်းဆိုတဲ့နေ့ကို အစွဲပြုပြီး အလုပ်သမားနေ့အဖြစ် ပါရီမြို့မှာ ၁၈၈၉ က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံကြီးကနေ အတည်ပြု သတ်မှတ်လိုက်ရာကနေ နှစ်စဥ် မေလ ၁ ရက်နေ့ကို မေဒေးနေ့အဖြစ် ကမ္ဘာတဝန်း ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို အလုပ်ချိန် မတန်တဆ စေခိုင်းခံရမှုကို တွန်းလှန်အောင်မြင်ခဲ့တာ နှစ်ပေါင်း ၁၃၀ ကျော် တိုင်ခဲ့ပေမဲ့ အဲဒီအကျိုးခံစားခွင့်တွေထဲမှာ မြန်မာလုပ်သားတွေ ချန်လှပ်ခံထားရဆဲ ဖြစ်ပါတယ်။

မင်းမခ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024