DVB Logo
Home
မြန်မာသတင်း
မိုးမိတ်မြို့တွင် Non CDM ဝန်ထမ်းများနှင့် အခြေခံလုပ်သားများ ပြန်လည်နေထိုင်
DVB
·
May 2, 2024
မိုးမိတ်မြို့တွင် Non CDM ဝန်ထမ်းများနှင့် အခြေခံလုပ်သားများ ပြန်လည်နေထိုင်
Donate to DVB

စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ကို ဒေသခံအများစု ပြန်မလာရဲကြသေးပေမဲ့ Non CDM ဝန်ထမ်းတွေနဲ့ လက်လုပ်လက်စား အခြေခံအလုပ်သမားတွေ ပြန်နေထိုင်ကြပြီလို့ မြို့ခံတွေက ပြောပါတယ်။

ရှမ်း-ကချင်အစပ်က မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပေမဲ့ ဇန်နဝါရီလကုန်ပိုင်းမှာတော့ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

၁ လဝန်းကျင်ကြာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက် ၄ ခု၊ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် နေထိုင်ကြတဲ့ မိုးမောက်မြို့က နေအိမ် ၃ ပုံ ၂ ပုံလောက် ပျက်စီးခဲ့ရပြီး ဒေသခံအများစုဟာ ဧပြီလကုန်ထိ နေရပ်မပြန်ရဲကြသေးပါဘူး။

ဒါပေမဲ့ စစ်ရှောင်ကာလ ၄ လကျော်လာချိန် မေလဆန်းပိုင်းမှာတော့ Non CDM ဝန်ထမ်းတွေနဲ့ လက်လုပ်လက်စား အခြေခံအလုပ်သမားတွေ ပြန်လာကြပြီလို့ မြို့ခံတွေက ပြောပါတယ်။

မိုးမိတ်မြို့ခံ စစ်ရှောင်တဦးက “အသိထဲကဆို လျှပ်စစ်ဝန်ထမ်းကိုလည်း ပြန်ခေါ်တယ်။ ပြီးတော့ အခု ကျောင်းဆရာမတွေ ဘာတွေ ပညာရေးနဲ့ပတ်သက်ပြီးတော့ဆိုလည်း အခု မေလပိုင်းမှာ ပြန်လာဖို့ ပြန်ခေါ်ကြတယ်။ ဒီရက်၊ ဒီရက်ကိုတော့ ပြန်လာဖို့ဆိုပြီး ဝန်ထမ်းတွေကို ပြန်ခေါ်ကြတယ်။ အဲဒါကတော့ အသေအချာပဲ၊ ကျနော့်အသိတွေ ကိုယ်တိုင်ကိုက ကွန်ဖန်းရတော့လေ။ ကျနော့်အိမ်ဆို ဆေးရုံနားမှာရှိတယ်ဗျာ။ စီးပွားရေးရော အိမ်ရော မရှိတော့ဘူး။ ကျနော်တို့မြို့ကို ကျနော်တို့ မရသေးတဲ့ အနေအထားမှာဆိုတော့ ကျနော်တို့ကတော့ လုံးဝ ဝင်ချင်စိတ်လည်း မရှိဘူး။ ပြန်စရာအိမ်လည်း မရှိတော့ဘူးလေ” လို့ ပြောပါတယ်။

လက်ရှိအချိန် မိုးမောက်မြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့နဲ့ ၇ မိုင်အကွာက ရွာတချို့၊ ကင်းချောင်းတံတားနားနဲ့ မြို့မှာဆိုရင်တော့ သာသနာ့ဗိမာန်လို နေရာတွေမှာ တပ်စွဲထားကြတယ်လို့ ဆိုပါတယ်။

စစ်တပ်က ပျက်စီးနေတဲ့မြို့ကို သန့်ရှင်းရေးလုပ်ပြီး ကျောင်းတွေပြန်ဖွင့်မယ့်အပြင် ရဲစခန်းနဲ့ မြို့မဈေးကို ပြန်ဆောက်ပေးမယ်လို့ပြောပြီး ဝန်ထမ်းတွေကို ပြန်ခေါ်နေပေမဲ့ လက်တွေ့လုပ်တာ ဘာတခုမှ မတွေ့ရသေးဘူးလို့ လက်ရှိ မြို့ထဲနေတဲ့ ဒေသခံကလည်း ပြောပါတယ်။

ဒါ့အပြင် ခိုးဆိုးလုယက်တွေ ဆက်ရှိနေပြီး တရားဥပဒေစိုးမိုးမှု မရှိပေမဲ့ ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ လက်ခုပ်တန်းရပ်ကွက်မှာတော့ လူတွေပြန်နေကြပြီလို့ ပြောပါတယ်။

မိုးမိတ်မြို့မှာ နေထိုင်သူတဦးက “၃ ပုံမှာ ၁ ပုံပဲ ကောင်းတယ် အစ်ကိုရယ်၊ ၂ ပုံလောက်ကတော့ ပျက်စီးသွားပြီ၊ မြို့ပျက်ကြီးဖြစ်သွားပြီ။ တကယ့်အထင်ကရတွေနဲ့ အိုးအိမ်တွေပေါ့။ အဲဒါ တော်တော်များ ပျက်စီးသွားပြီအစ်ကို။ မိုးရွာတဲ့အချိန်ပေါ့ နေစရာအဆင်မပြေခဲ့တာ အဓိကတော့ အခုပြန်ဝင်နေတဲ့သူတွေကတော့ ဒီအုပ်ချုပ်မှုစနစ်အောက် မကြိုက်ပေမဲ့လည်း အဆင်မပြေကြတာပေါ့။ ရပ်ဝေးဒေသမှာ ၃ လကျော်၊ ၄ လကြီးဆိုတော့ ရေရှည်အဆင်မပြေတဲ့သူတွေ ကျမတို့လို ဈေးသည်တွေလောက်ပဲ ပြန်ဝင်တာများတယ်။ အဲဒါလည်း အနည်းအကျဉ်း ယာယီတဲလေးတွေထိုးပြီး ရောင်းနေကြတာ အစ်ကို။ ကျမအနေနဲ့ ပြောမယ်ဆိုရင်တော့ အထုပ်လေးတွေတော့ ပြင်ဆင်ထားတာပေါ့။ ဘယ်ရက် ဘယ်လိုလဲဆိုတာ နိုင်ငံရေးအကြောင်းလည်း သိပ်နားမလည်တော့ အဲလိုလေး ပြင်ဆင်ထားတာတော့ ရှိတယ်အစ်ကို။ အတည်တကျနေတာတော့ မရှိသေးဘူးပေါ့” လို့ ပြောပါတယ်။

မိုးမိတ်မြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းက နေအိမ်တွေ အဓိကပျက်စီးခဲ့ရပြီး ရွှေဇာလီနဲ့ ကြည်တော်စု ရပ်ကွက်တွေက အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

တိုက်ပွဲကာလနဲ့ စစ်တပ်ထိန်းချုပ်တဲ့ ကာလတွေထဲ အရပ်သား ၂၀ နဲ့အထက် သေဆုံးနိုင်ပြီး အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း DVB က မေးမြန်းခွင့်ရတဲ့ မိုးမိတ်ဒေသခံ ၆ ဦးက ပြောပါတယ်။

မိုးမိတ်မြို့ပတ်ဝန်းကျင်မှာ ခမရ ၃၄၈၊ ခလရ ၂၇၆၊ ခလရ ၂၂၃ တပ်ရင်းတွေရှိပေမဲ့ အခု မြို့ထဲမှာ နယ်မြေခံတပ်ကမဟုတ်တဲ့ စစ်သားတွေကိုပါ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မိုးမိတ်ကနေ တောတောင်တွေထဲ စစ်ရှောင်ခဲ့ကြသူတွေဟာ အခုချိန်မှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး အကူအညီတွေလည်း မရရှိကြသေးဘူးလို့ သိရပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013