DVB Logo
Home
မြန်မာသတင်း
အလိုမတူဘဲစစ်မှုထမ်းနေရသည့် ရှေ့တန်းရောက်လူငယ်များကို ကူညီပေးမည်ဟု NUG ပြော
DVB
·
May 2, 2024
အလိုမတူဘဲစစ်မှုထမ်းနေရသည့် ရှေ့တန်းရောက်လူငယ်များကို ကူညီပေးမည်ဟု NUG ပြော
Donate to DVB

အဓမ္မစစ်မှုထမ်းစေခိုင်းတာကြောင့် အလိုမတူဘဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေရတဲ့ လူငယ်တွေကို ရှေ့တန်းစစ်မျက်နှာရောက်နေတဲ့ တိုင်အောင် ပြန်ထွက်ချင်ရင် ကူညီပေးမယ်လို့ NUG အစိုးရက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းပြီးတဲ့နောက်မှာ NUG က ဦးဆောင်တဲ့ စီမံချက်တခုကို ချက်ချင်းအကောင်အထည်ဖော်ပြီး လူငယ်တွေကို စစ်မှုထမ်းစေခိုင်းတာကနေ ရှောင်တိမ်းနိုင်ဖို့ ကူညီလုပ်ဆောင်ရာမှာ ရှေ့တန်းစစ်မျက်နှာပြင်ရောက်နေတဲ့ လူငယ်တွေအထိကို ကူညီဖို့ ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က အမျိုးသားညီညွတ်ရေး အစိုးရ ၃ နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“တကယ်တော့ စစ်မှုမထမ်းမနေရဥပဒေဆိုပြီး သတ်မှတ်ထားပြီးတော့ မတရားသဖြင့် စစ်မှုထမ်းခိုင်းတယ်၊ ဒီလိုကိစ္စရပ်တွေမှာ ကျနော်တို့ ထွက်လာနိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားတယ်။ အဲဒီလိုကြားထဲမှာ ရှေ့တန်းဘာညာရောက်လာခဲ့ရင် ဆက်သွယ်ပြီး ထွက်လာနိုင်ဖို့ ကျနော်တို့ လုပ်ပေးပါတယ်။ သို့သော် တခုရှိတာကတော့ ယူနီဖောင်းလည်း ဝတ်ထားတယ်၊ လက်နက်လည်း ကိုင်ထားတယ်၊ စစ်ရေးပစ်မှတ်လည်း ဖြစ်တယ်ဆိုရင်တော့  ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထွက်လာဖို့အတွက်ကို အမြဲတမ်းအခွင့်အရေးလုပ်ပေးသွားမယ်၊ ဘယ်လိုမှ အဆင့်ဆင့် ထွက်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး၊ စစ်မြေပြင်ရောက်တဲ့အထိ စစ်ကောင်စီရဲ့ လက်အောက်ကနေ ထွက်နိုင်ဖို့ ဖန်တီးပေးသွားမှာတွေ ရှိမယ်။”

အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ လူငယ်တွေကိုတော့ တိုက်ပွဲအတွင်းမှာ  အလံဖြူထောင်တာပဲဖြစ်ဖြစ်၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်ခြင်း ကိစ္စတွေမှာ ထည့်သွင်းစဉ်းစားပေးသွားမယ်လို့ ဆက်ပြောပါတယ်။ 

လက်တွေ့မှာတော့ စစ်မှုထမ်းဖို့ ရွေးချယ်ခံရတဲ့ လူငယ်တွေအနေနဲ့ NUG ကို ဆက်သွယ်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြည်တွင်းမှ လူငယ်တယောက်က ပြောပါတယ်။

“နာမည်စာရင်းပါပြီဆိုတာနဲ့ ချက်ချင်းတန်းခေါ်တော့တာမျိုး၊ အဲဒီတော့ NUG ဆီကို ဘယ်လိုဆက်သွယ်မလဲ မိသားစုတော င်သိလိုက်မှာမဟုတ်ဘူး။ ပြီးတော့ ရှေ့တန်းရောက်တဲ့အထိ ကူညီမယ်ဆိုတာမျိုးက ရှေ့တန်းရောက်မှတော့  ကျနော်တို့ ဘယ်လို ဘယ်အဖွဲ့အစည်းကို ဆက်သွယ်ရတော့မလဲ ကျနော်တို့က ဘယ်လို ဖုန်းပေးသုံးမလဲ၊ တကယ့်လက်တွေ့မှာတော့ လုပ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။ လူတိုင်းက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ စတေးရှောင်ရမယ့် အခြေအနေမျိုးပဲ။”

NUG ရဲ့ ကူညီပေးနိုင်မှုက အကန့်အသတ်နဲ့ရှိနေပေမဲ့ စစ်ကောင်စီ ထိမ်းချုပ်နယ်မြေက လူငယ်တွေအနေနဲ့ NUG နဲ့ အဆက်မပြတ်ဖို့ လိုတယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖြည့်စွက်ပြောပါတယ်။

အဓမ္မစစ်မှုထမ်းစေခိုင်းတာကို လူငယ်တွေ ရှောင်တိမ်းနိုင်ဖို့ အဘက်ဘက်ကနေ ကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ကျောင်းသားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ရေရှည်အတွက် ပိုကောင်းတဲ့ အစီအစဉ်တွေ ချမှတ်နိုင်ဖို့ လိုတယ်လို့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်) ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်းကပြောပါတယ်။

“ကျမတို့လိုမျိုး လွတ်မြောက်ရာဒေသတွေကိုခေါ်ပေးဖို့ ချိတ်ဆက်ပေးနေတဲ့ အဖွဲ့အစည်းတွေပေါ့၊ ဒီလိုအဖွဲ့တွေဘက်က ကြည့်ရမယ်ဆိုရင်လည်း ကျမတို့ဘက်မှာ အခက်အခဲအများကြီးရှိတယ်။ အခုလိုမျိုး လွတ်မြောက်ရာဒေသကို အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ ပြည်သူတွေကို နောက်ပိုင်းမှာ ရေရှည်ရပ်တည်ဖို့အတွက် ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်ပေးကြမလဲ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို တော်လှန်ရေးအတွက် အကျိုးရှိအောင် ဘယ်လိုတွေဆက်ပြီး အသုံးချကြမလဲဆိုတဲ့ဟာတွေကို ဒီလိုချိတ်ဆက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး ပူးပေါင်းပြီး အစီအစဉ်တွေချမှတ်နိုင်မယ်၊ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးကောင်းတဲ့ အရွေ့တခုကို ရောက်နိုင်မယ်လို့ ကျမတို့မြင်ပါတယ်။”

NUG အနေနဲ့ တရားဝင်တယ်လီဂရမ်ချန်နယ် (nugpublicaffairsbot) ကို မတ် ၃၀ ရက်မှာ မိတ်ဆက်ဖွင့်လှစ်ခဲ့ပြီး တလအကြာ ဧပြီ ၃၀ ရက်အထိ ဆက်သွယ်လာသူ လူဦးရေ ၁ သောင်းခွဲရှိတယ်လို့ သိရပါတယ်။

ဝေဝေ  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013