DVB Logo
Home
မြန်မာသတင်း
စစ်မှုမထမ်းလိုသည့် လူငယ် ၁၅၀၀၀ ကျော် ဆက်သွယ်လာဟု NUG ပြော
DVB
·
May 1, 2024
စစ်မှုမထမ်းလိုသည့် လူငယ် ၁၅၀၀၀ ကျော် ဆက်သွယ်လာဟု NUG ပြော
Donate to DVB

စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစေခိုင်းတဲ့အတွက်ကြောင့် လူငယ်တွေက လွတ်မြောက်ရာ နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ပြီး စစ်ကောင်စီကို တွန်းလှန်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဆက်သွယ်လာတာ လူဦးရေ ၁၅၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်လည်အသက်သွင်းခဲ့တဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေကို  အထောက်အကူဖြစ်စေဖို့ NUG အနေနဲ့ တရားဝင် တယ်လီဂရမ်ချန်နယ် (nugpublicaffairsbot) ကို မတ် ၃၀ ရက်မှာ မိတ်ဆက်ဖွင့်လှစ်ခဲ့ပါတယ်။ တလအကြာ ဧပြီ ၃၀ ရက်အထိ ဆက်သွယ်လာသူ ၁ သောင်းခွဲကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးများရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီတလအတွင်းမှာ ကျနော်တို့ကို ဆက်သွယ်လာတဲ့ ပြည်သူလူထုဦးရေ  တစ်သောင်းခွဲ ဆက်သွယ်လာတဲ့အထဲမှာ အမျိုးမျိုးရှိတာပေါ့။ အဲဒီအထဲမှာမှ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်မှာတော့ စစ်မှုမထမ်းလိုဘူး၊ NUG ၊ PDF ဘက်ကို ဝင်ချင်တယ်ဆိုပြီး ဆက်သွယ်လာတဲ့သူတွေက အများစုဖြစ်ပါတယ်။ တချို့ကတော့ လွတ်မြောက်နယ်မြေကို တိမ်းရှောင်ချင်တယ်လို့ ပြောဆိုကြတာရှိသလို တချို့ကတော့ သတင်းပေးကြတာပေါ့။” 

ဆက်သွယ်လာသူ အများစုက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကိုယ်တိုင်ဖြစ်ပြီး မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ အတင်းအကျပ်စစ်မှုထမ်းစေခိုင်းမှုက ရန်ကုန်၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတို့လို စစ်ကောင်စီအပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ နေရာဒေသတွေမှာ အဖြစ်များ နေတာဖြစ်ပြီး NUG ထိန်းချုပ်စိုးမိုးထားနိုင်တဲ့ ဒေသတွေမှာတော့ မရှိသလောက် နည်းပါးတယ်လို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ်က ပြောပါတယ်။

“NUG စိုးမိုးထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ စစ်မှုထမ်းဆင့်ခေါ်ခံရတာတွေက မရှိသလောက် ထိန်းချုပ်ထားနိုင်တယ်၊ ကာကွယ်ထားနိုင်တယ်။ ဧရာဝတီတို့၊ ရန်ကုန်တို့လို စကစ ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ စစ်မှုထမ်းဆင့်ခေါ်ခံရတာ ကျနော်တို့ လက်တွေ့မှာ မြင်တွေ့နေရတယ်။ NUG ရဲ့ ယန္တရားက အဲဒီနေရာတွေ အထိတော့ လိုက်ပြီး ကာကွယ်မပေးနိုင်သေးဘူး။ ဒီစကစရဲ့ စစ်မှုထမ်းဆင့်ခေါ်တဲ့ကိစ္စက သိပ်အန္တရာယ် ကြီးပါတယ်။” 

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်အဖွဲ့ကို လူငယ် ၂၆,၀၀၀ ကျော်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ကို လူငယ် ၂၀၀ ကျော်နဲ့ တခြားသော တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်လာတာ အများအပြားရှိတယ်လို့ သိရပါတယ်။

ဧပြီ ၃၀ ရက်ကတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ဆက်သွယ်လာတဲ့ လူငယ် ၅၀၀ ကျော်ကိုလည်း စစ်သင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013