DVB Logo
Home
မြန်မာသတင်း
ခရိုနီသမီးကို ဗီဇာပြန်ရုပ်သိမ်းပြီး နိုင်ငံတွင်းမှ နှင်ထုတ်ရန် ပြင်သစ်အစိုးရအား တောင်းဆို 
DVB
·
April 29, 2024
ခရိုနီသမီးကို ဗီဇာပြန်ရုပ်သိမ်းပြီး နိုင်ငံတွင်းမှ နှင်ထုတ်ရန် ပြင်သစ်အစိုးရအား တောင်းဆို 
Donate to DVB

မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေး လုပ်ငန်းစုတခုဖြစ်တဲ့ ရွှေဗျိုင်းဖြူ တည်ထောင်သူ  မိသားစုဝင်တဦးဖြစ်တဲ့ မသိမ့်ဝင်းထက်ကို နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းပြီးတော့ နိုင်ငံတွင်းကနေ နှင်ထုတ်ဖို့ Info Birmanie နဲ့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မသိမ့်ဝင်းထက်ဟာ ပြင်သစ်အထက်တန်းလွှာ စီးပွားရေးကျောင်း HEC Paris မှာ တက်ရောက်ခွင့် ရရှိထားပြီးတော့ သူ့ရဲ့ မိသားစုပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဟာ မြန်မာစစ်တပ်နဲ့ သိသာထင်ရှားတဲ့ ဆက်နွှယ်မှုရှိနေတဲ့ အထင်ကရ ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းတာအပါအဝင် စစ်အုပ်စုထိန်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း လွှမ်းမိုးထားတဲ့ သတ္တုကဏ္ဍနဲ့ သစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်တုန်းကတော့ Justice For Myanmar ရဲ့ ဥပဒေအကျိုးဆောင်တွေအဖြစ် ဆောင်ရွက်တဲ့ ပြင်သစ်ရှေ့နေ ဝီလီယံဘော်ဒန်နဲ့ လစ်လီရာဗွန်တို့က  ပြင်သစ်အာဏာပိုင်တွေဆီ မသိမ့်ဝင်းထက်နဲ့ ပတ်သက်ပြီးတော့ ပြင်သစ်နယ်မြေအတွင်းက သူ့ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို သိမ်းဆည်းဖို့နဲ့ ပြင်သစ်နိုင်ငံအတွင်းက နှင်ထုတ်ရေး တင်ပြတောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်၊။

ရှေ့နေတွေဟာ မသိမ့်ဝင်းထက် တက်ရောက်နေတဲ့ HEC Paris ကျောင်းကိုလည်း စာရေးသား ပေးပို့ခဲ့ပြီး ကျောင်းအနေနဲ့ မသိမ့်ဝင်းထက်ရဲ့ ငွေကြေးရင်းမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေဆီ အသိပေးတင်ပြဖို့နဲ့ သူ့ရဲ့ကျောင်းဝင်ခွင့်ကို ပြန်လည်ရုပ်သိမ်းရေး စဉ်းစားပေးဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “သိမ့်ဝင်းထက် ပြင်သစ်နိုင်ငံမှာ ပညာသင်ယူနိုင်နေတဲ့အချက်က စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ပြဋ္ဌာန်းလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ညှိနှိုင်းဆောင်ရွက်မှု ဆိုးဆိုးရွားရွား ကင်းမဲ့နေတာကို ပြသလိုက်တဲ့ နောက်ထပ် လက္ခဏာတရပ်ပဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအတွင်းမှာ သိမ့်ဝင်းထက် ရှိနေမှုက ရွှေဗျိုင်းဖြူအုပ်စုရဲ့ စီးပွားရေး မိတ်ဖက်တွေအပေါ် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ သိမ့်ဝင်းထက်နဲ့ သူ့မိသားစုတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ သိမ့်ဝင်းထက်အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သင့်ပါတယ်။ ပြင်သစ်မှာရှိတဲ့ သူမ သို့မဟုတ် သူမမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းသင့်ပြီး၊ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ကိုလည်း ပိတ်ပင်သင့်ပါတယ်။ စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုကို မြန်မာပြည်သူတွေက သုံးနှစ်ကျော်လာတဲ့ အချိန်အထိ သတ္တိပြောင်မြောက်စွာနဲ့ ခုခံတော်လှန်နေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ ဘက်က ရပ်တည်သင့်ပြီး၊ သူ့ရဲ့ပိုင်နက်နယ်မြေအတွင်း မြန်မာခရိုနီတွေကို ကြိုဆိုနေမှာ မဟုတ်ဘူးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ပါးသင့်ပါတယ်” လို့ ပြောပါတယ်။

မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ မိသားစုစီးပွားရေး ပတ်သက် ဆက်နွှယ်မှုတွေကြောင့် အမေရိကန်နိုင်ငံက မသိမ့်ဝင်းထက်၊ သူ့ရဲ့ မောင်ဖြစ်သူ မောင်ဝင်းပိုင်ကျော်၊ မိဘတွေဖြစ်ကြတဲ့ ဦးသိန်းဝင်းဇော်နဲ့ ဒေါ်တင်လတ်မင်းနဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ် စုတို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာတော့ ရွှေဗျိုင်းဖြူအုပ်စုက တယ်လီနောမြန်မာကို ဝယ်ယူထိန်းချုပ်လိုက်ပြီး ATOM Myanmar လို့ အမည်ပြောင်းခဲ့ကာ စစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မြန်မာပြည်သူတွေအပေါ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းနေချိန်မှာ ရွှေဗျိုင်းဖြူက တယ်လီနော မြန်မာကို ဝယ်ယူ ထိန်းချုပ်လိုက်မှုက အသုံးပြုသူ သန်းပေါင်းများစွာတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအပေါ် အန္တရာယ်ကျရောက်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မသိမ့်ဝင်းထက်ဟာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောကို ဝယ်ယူနေစဥ်အတွင်း တည်ထောင်ခဲ့တဲ့ One Telecom Company Limited မှာ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတဦး ဖြစ်သလို ၂၀၂၃ ခုနှစ်တန်းကလည်း ATOM Myanmar မှာ ဘဏ္ဍာရေးဆန်းစစ်သူအဖြစ် အလုပ်သင်ဆင်းခဲ့တယ်လို့ သိရပါတယ်။

သူဟာ မြန်မာ-ရုရှား မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံက ယုံကြည်နိုင်တဲ့ အရောင်းကိုယ်စားလှယ်တွေ ရှာဖွေနိုင်ဖို့အတွက် ၂၀၂၂ ခုနှစ်မှာ စုဖွဲ့တည်ထောင်ခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုမှာ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited မှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

Info Birmanie အဖွဲ့မှ ညှိနှိုင်းရေးမှူး ဂျိုဟန်နာ ချာဒွန်နီးရာစ်က “ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတာကြောင့် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ ကျောင်းသူတယောက် HEC ကျောင်းမှာ တက်ရောက်နေနိုင်ခြင်းက မြန်မာနိုင်ငံအပေါ် ရေလိုက်ငါးလိုက်နည်းလမ်းအတိုင်း ကျင့်သုံးနေတယ်ဆိုတာကို ပြသနေပါတယ်။ သိမ့်ဝင်းထက်ကို ပညာသင်ကြားပေးတာ၊ ကျောင်းအသိုက်အဝန်းမှာ ဝင်ဆန့်ခွင့်ပေးခြင်းအားဖြင့် HEC ကျောင်း၊ ကျောင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေနဲ့ ရှယ်ယာရှင်တွေအနေနဲ့ အသက်ညှာဆုံး ပြောရရင် ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်မှာ စိစစ်ဆောင်ရွက်မှု ပြောင်ပြောင်တင်းတင်း ကင်းမဲ့နေတာကို ပြသနေတာဖြစ်ပြီး အဆိုးဆုံးအနေနဲ့ကတော့ လွတ်လပ်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်နေမှုအပေါ် မထီမဲ့မြင်ပြုလိုက်တာ ဖြစ်ပါတယ်။ သိမ့်ဝင်းထက်က ပြင်သစ်နိုင်ငံကနေပြီး ရွှေဗျိုင်းဖြူအုပ်စုမှာရှိတဲ့ သူမရဲ့ ပိုင်ဆိုင်မှုကို ဆက်လက် စီမံ ဆောင်ရွက်နေတာဖြစ်ပြီ၊ ဒါဟာ စစ်အုပ်စုအတွက် အခွန်ငွေရှာဖွေပေးနေတာ ဖြစ်သလို သူမရဲ့ နိုင်ငံသားတွေအပေါ် သွေးထွက်သံယိုဖိနှိပ်မှုတွေမှာ ဝင်ရောက်ပံ့ပိုး ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုတွေအပေါ် အကြိမ်ကြိမ်ရှုတ်ချမှုတွေ၊ မြန်မာပြည်သူတွေကို အားပေးထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုမှုတွေနဲ့ လက်တွေ့ ကိုက်ညီမယ့် လုပ်ရပ်အဖြစ် လျော်ကန်သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ချမှတ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မသိမ့်ဝင်းထက် တက်ရောက်နေတဲ့ HEC ကျောင်းဟာ Consular Higher Education Institution (Etablissement d'Enseignement Supérieur Consulaire-EESC) အဖြစ်ရပ်တည်နေတဲ့ အခြေအနေနဲ့ CCI Paris Ile-de-France ဟာ ကျောင်းရဲ့ အဓိက ရှယ်ယာရှင်အဖြစ် ရှိနေတဲ့ အခြေအနေတွေကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ Justice For Myanmar အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာတော့ Info Birmanie နဲ့ Justice For Myanmar အဖွဲ့တို့က မသိမ့်ဝင်းထက် HEC၊ HEC Investment Club နဲ့ International Consulting Club တို့မှာ တက်ရောက်ခွင့် ရရှိနေမှု၊ သူ့ရဲ့ ကျောင်းဝင်ခွင့်ရရှိမှုကြောင့် ကျောင်းဒါရိုက်တာဘုတ်အဖွဲ့မှာ ပါဝင်ကြတဲ့ များစွာသော စီးပွားရေးခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အဖွဲ့အစည်းတွေအပေါ် သက်ရောက်နိုင်တဲ့ ကြံရာပါပံ့ပိုးကူညီမှု၊ တတ်မြောက်သွားမယ့် ပညာရပ်တွေနဲ့ သက်ဆိုင်ရာ အသိုက်အဝန်း ကွန်ရက်တို့ကို မြန်မာနိုင်ငံအခင်းအကျင်းမှာ ပြန်လည်အသုံးပြုမှုနဲ့ ဆက်စပ်အန္တရာယ်တွေအပေါ် စိုးရိမ်ပူပန်မှုတွေကို CCI Paris Ile-de-France ဆီ စာရေးသားပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အီးယူအနေနဲ့လည်း ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ မသိမ့်ဝင်းထက် အပါအဝင် ကုမ္ပဏီပိုင်ရှင်တွေ၊ ဒါရိုက်တာတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရေးတကြီးချမှတ်ဖို့၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရရှိမှုတွေကို ပိတ်ပင် ဖြတ်တောက်ဖို့အတွက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်း ညှိနှိုင်းကာ တိုးမြှင့်ချမှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013