DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရွာသား ၅၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား
DVB
·
April 29, 2024
သံတွဲတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရွာသား ၅၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဧပြီ ၂၈ ရက်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲအနီးအနား ကျေးရွာတွေက ဒေသခံရွာသား အယောက် ၅၀ ထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်၊ ရွှေလှေတံတားအနီးနဲ့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ ရေကြောင်း လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့မှာလည်း တော်တော်‌လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေကြတာ။ ကျနော် သိသလောက်တော့ ရွှေလှေတံတားအနီးမှာ တနေရာနဲ့ သူဌေးချောင်း ရေအားလျှပ်စစ်မှာ တနေရာ ဖြစ်နေတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီး ပစ်ကူတွေ တရစပ်ပေးနေတယ်။”

သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်လာတာကြောင့် ရေကောက်၊ ပုရစ်၊ ရွှေလှေ၊ ကျောင်းကုန်း အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာနီးပါးခန့်က ဒေသခံ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေကောက်ကျေးရွာ အပါအဝင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတဝိုက်က ကျေးရွာတချို့က ဒေသခံ ၅၀ ထက်မနည်းကို စစ်ကောင်စီက တိမ်းရှောင်ခွင့်မပြုဘဲ လူသားဒိုင်းကာသဖွယ် ထိန်းသိမ်းထားတာတွေ ရှိတယ်လို့ စစ်ပြေးတိမ်းရှောင်နေရတဲ့ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ ရွှေလှေတို့ ရေကောက်တို့က ဒေသခံ ၅၀ ထက်မနည်းကို စစ်ကောင်စီက ရွာက ထွက်ခွာခွင့်မပေးဘဲ ရွာထဲမှာ ထိန်းသိမ်းထားတာတွေ ရှိတယ်။ ထိန်းသိမ်းခံထားရသူ အများစုက စစ်ဘေးရှောင်ပြီး ရွာကပစ္စည်းတွေ သွားယူတာမှာ စစ်ကောင်စီက သွားခွင့်မပေးဘဲ ရွာထဲမှာ နေခိုင်းထားတာ ဖြစ်တယ်။ ဖမ်းဆီးထားတာ မဟုတ်ပေမဲ့လည်း စစ်ဘေးတိမ်းရှောင်ခွင့်မပြုဘဲ ရွာမှာ နေထိုင်ရမယ်ဆိုပြီး ထိန်းသိမ်းထားတာ။ တနည်းအားဖြင့် လူသားဒိုင်းကာသဖွယ် လုပ်ထားတာပေါ့။”

သံတွဲဒေသခံတွေဟာ တိုက်ပွဲအတွေ့အကြုံ မရှိတာကြောင့် တိုက်ပွဲပြင်းထန်လာတာကို စိုးရိမ်မှု မြင့်တက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ ဧပြီ ၁၃ ရက်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေပြီး အခုရက်ပိုင်းမှာ နှစ်ဖက်ထိတွေ့မှု ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အမ်း၊ သံတွဲ၊ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်က ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ရရှိထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013