DVB Logo
Home
မြန်မာသတင်း
မကွေးအကျဉ်းထောင်၌ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်း၊ နှစ်ရှည်အကျဉ်းသားများ ခြေချင်းခတ်ခံရ
DVB
·
April 22, 2024
မကွေးအကျဉ်းထောင်၌ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်း၊ နှစ်ရှည်အကျဉ်းသားများ ခြေချင်းခတ်ခံရ
Donate to DVB

မကွေးအကျဉ်းထောင်အာဏာပိုင်တွေက ထောင်ဝင်စာတွေ့သူဆီကနေ ငွေတောင်းတာနဲ့ အနှစ် ၂၀ အထက် အကျဉ်းသားတွေကို သံခြေချင်းနဲ့ အမြဲထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။  

မကွေးအကျဥ်းထောင်မှာ နှစ် ၂၀ အထက် ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ထဲမှာ ထပ်မံပြီးသံခြေချင်းတွေ ခတ်ထားတယ်လို့ ဆိုပါတယ်။

တချို့အကျဥ်းသားတွေက သံခြေချင်းနဲ့ ၃ နှစ်နီးပါး ဖြစ်နေတာကြောင့် သံအဆိပ်တက်တဲ့ရောဂါ အပါအ၀င် တခြားရောဂါတွေလည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ 

သံခြေချင်းနဲ့ ထားတာဟာ ထောင်ထဲမှာ  နောက်ထပ် အမှုတခုခု ကျူးလွန်သူတွေကိုပဲ ထားရတာကြောင့် ထောင်၀န်ထမ်းတွေက အကျဥ်းထောင်ဥပဒေကို ဖောက်ဖျက်ကျူးလွန်နေကြတာလို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ဝေဖန်နေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တာ၀န်ရှိသူတဦးက “ဒေါက်တာအောင်မိုးညိုတောင် အရင်ကခတ်ထားတာ။ အခုနောက်ပိုင်းမှ ပြန်ဖြုတ် ပေးလိုက်တာ။ အမှန်က နောက်အမှု ရုံးထုတ်တွေပဲ လုပ်ရတာကို တမင်ညစ်တာ၊ သူတို့ တောင်ငူထောင်မှ ထွက်ပြေးတယ်ဆိုပြီး လိုက်လုပ်နေကြတာ၊ ကြာရင် သံအဆိပ်တက်မှာ၊ ဒီဟာက အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာ လူ့အခွင့်အရေးချိုးဖောက်တာ”လို့ ပြောပါတယ်။ 

မကွေးထောင်မှာ နှစ် ၂၀ နဲ့အထက် ထောင်ဒဏ်ချထားတဲ့ NLD အမတ်တွေ၊ ဝန်ကြီးတွေကို  ဒီနေ့အထိ ထောင်ဝင်စာ တွေ့ခွင့်မပေးသလို အဲဒီအမတ်တွေနဲ့ အကြမ်းဖက် ဥပဒေတွေနဲ့ ထောင်ချထားသူတွေကိုလည်း ထောင်ထဲမှာ သံခြေချင်းတွေနဲ့ ထားထားပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစု၀င်တဦးက “သူတို့က အနှစ် ၂၀ အထက်ထောင်ချထားတဲ့ အမတ်တွေ NLD လူကြီးပိုင်းတွေနဲ့ အကြမ်းဖက်နဲ့ ထောင်ချထားတဲ့သူတွေကို သံခြေချင်းတွေနဲ့ ထားတာ အမိန့်ချပြီးကတည်းကကို  ဖြုတ်မပေးတော့တာ။ အကျဉ်းသားတွေက တင်ပြကြတော့လည်း အထက်ကို တင်ပြထားတယ်ဆိုပြီး ကြာနေပြီ၊ အခုထိဖြုတ်မပေးဘူး နောက်ထောင်ဝင်စာလည်း ဒီနေ့အထိ မတွေ့ရဘူး” လို့ ပြောပါတယ်။

မကွေးထောင်က ထောင်ဝင်စာတွေ့ကိုလည်း  လူတယောက်ကို ကျပ် ၁၀၀၀၀ နှုန်းပေးရပြီး ထောင်ထဲမှာ အဆင်ပြေဖို့အတွက် ၂ သိန်းကနေ ၄ သိန်းအထိ ပေးရသလို တခြားကိစ္စ တွေအတွက်လည်း  ပေးနေရတယ်လို့ အကျဉ်းသားမိသားစုဝင်တဦးက ပြောပါတယ်။

“ထောင်ဝင်စာ တွေ့ဖို့ လူတယောက်ကို ကျပ် ၁၀၀၀၀ နှုန်း ပေးရတယ်။ ထောင်ဝင်စာတွေ စပေးကတည်းကပဲ  ၃ ယောက်တွေ့ရင် ၃၀၀၀၀ ပဲ၊ နောက်ပြီး ထောင်ထဲမှာ အဆင်ပြေဖို့အတွက်ကိုလည်း ကျပ်  ၂ သိန်းကနေ ၄ သိန်းအထိပေးရသေးတယ်။ သူတို့ ထောင်ထဲမှာ အနေချောင်ဖို့နဲ့ တခြားကိစ္စတွေအတွက်လည်း တောင်းရင်တောင်းသလောက် ပေးနေရတယ်။”

အခု ဖြစ်ရပ်အတွက် မကွေးထောင်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။

အခုလို နှစ်ကြီးအကျဉ်းသားတွေကို  သံခြေချင်းခတ်တာကို မကွေးထောင်အပြင်၊ အင်းစိန်၊ ပခုက္ကူ စတဲ့ထောင်တွေမှာ ပြုလုပ်နေပြီး အရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013