DVB Logo
Home
မြန်မာသတင်း
‘ဝ’ လူငယ်မျိုးဆက်သစ်များ တက်လာပါကလည်း  UWSP ၏ နိုင်ငံရေးမူဝါဒ ပြောင်းမည်မဟုတ် 
DVB
·
April 22, 2024
‘ဝ’ လူငယ်မျိုးဆက်သစ်များ တက်လာပါကလည်း  UWSP ၏ နိုင်ငံရေးမူဝါဒ ပြောင်းမည်မဟုတ် 
Donate to DVB

လူငယ်မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းတွေ တက်လာရင်လည်း  ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)ရဲ့ နိုင်ငံရေးမူဝါဒတွေဟာ ပြောင်းလဲသွားမှာမဟုတ်သလို မြန်မာနိုင်ငံ နယ်နိမိတ်ကနေလည်း ‘ဝ’  ပြည် ခွဲထွက်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောပါတယ်။ 

မြန်မာပြည်တွင်းမှာ စစ်ရေးနိုင်ငံရေး ပဋိပက္ခတွေရှုပ်ထွေးနေချိန် လက်နက်အင်အား လူအင်အား တောင့်တင်းတဲ့ စစ်တပ်တခုကို ပိုင်ဆိုင်ထားတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဟာ သူတို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားမှာ ‘ဝ’ တပ်ဖွဲ့ရဲ့ အလံကို မြန်မာနိုင်ငံအလံနဲ့အတူ တဆင့်နိမ့်ပြီး ဆက်လက်လွှင့်ထူထားတဲ့အတွက်  မြန်မာနိုင်ငံ နယ်ိနမိတ်ထဲက သီးခြားခွဲထွက်သွားမှာမဟုတ်ဘူးဆိုတာကို ပြသနေတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

‘ဝ’ ဒေသကို ပြည်နယ်အဆင့်သတ်မှတ်ပေးရေး ဆိုတဲ့ နိုင်ငံရေး တောင်းဆိုမှုနဲ့အတူ ငြိမ်းချမ်းရေ; အလံတဖက်၊ လက်နက်တဖက်မူကို ဆက်လက်ကိုင်စွဲထားတဲ့အတွက်ကြောင့် လူငယ်မျိုးဆက်သစ်တွေ ‘ဝ’ ခေါင်းဆောင်ပိုင်းနေရာတွေကို အစားထိုးလာခဲ့ရင်လည်း UWSPရဲ့ နိုင်ငံရေးမူဝါဒဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။

လက်ရှိ UWSP ကို ဦးဆောင်နေတဲ့သူတွေဟာ ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ပုန်ကန်ပြီး အဲဒီအချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုကာ လွတ်လပ်ငြိမ်းချမ်းတဲ့ ‘ဝ’ ဒေသကို တည်ဆောက်ခဲ့ကြတာပါ။

အဲဒီစာချုပ်က ဒီကနေ့အချိန်ထိ နိုင်ငံတကာအသိမှတ်ပြုထားတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ထက် ပိုခိုင်မြဲနေပြီး စစ်တပ်နဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးရေးကို UWSP က ဆက်လက်ထိန်းသိမ်းထားသလို တဖက်မှာလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ထားပါတယ်။

လက်ရှိမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  အာဏာရှင်စနစ် အမြစ်ပြတ် ဖြုတ်ချပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့ UWSPနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ‘ဝ’ ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

‘ဝ’ ဒေသရဲ့ လွတ်လပ်ခွင့်နဲ့အုပ်ချုပ်မှုအပေါ် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက အားကျကြပြီး ‘ဝ’ လို လွတ်လပ်တဲ့ နိုင်ငံရေးအဆင့်အတန်းမျိုးကို လိုချင်ကြတယ်လို့ ထုတ်ဖော်ပြောဆိုကြပေမဲ့ UWSP ဟာ သူ့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းထခွင့်  ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်ထားနိုင်တာက ပထဝီ အနေထားနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သဘောထားတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

UWSP ဟာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို ဦးဆောင်ထားပြီး အဲဒီအဖွဲ့ထဲမှာ လက်ရှိ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်အဖွဲ့ (MNDAA) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) အဖွဲ့တွေအပြင် မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့တွေပါဝင်ပါတယ်။

Photo-WA Channel

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013