
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နဲ့ စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ တို့ ပန်ဆန်းမြို့မှာ နိုဝင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင် ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင်ခဲ့တာဖြစ်ပြီး ‘ဝ’ အဖွဲ့က ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက လက်ခံတွေ့ဆုံဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲမှာ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ‘ဝ’ လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးတွေဖြစ်ပြီး ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာဆောင်ရွက်မှာကို သိရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေကိုနှိပ်နင်းရာမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
‘ဝ’ အဖွဲ့ဘက်က ဦးကျောက်ကော်အန်းကလည်း ပြည်ထောင်စုက ခွဲထွက်မှာမဟုတ်သလို ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
စစ်အာဏာရှင် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ‘ဝ’ အဖွဲ့နဲ့ မတွေ့ခင်မှာ မိုင်းလားကိုလည်း သွားရောက်ခဲ့ပြီး မိုင်းလားက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြပါသေးတယ်။











