DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် ကင်းကြေး ငွေကျပ် ၃၀၀၀၀ ပေးနေရသဖြင့် ဒေသခံများ အခက်တွေ့ 
DVB
·
April 22, 2024
ငပုတောတွင် ကင်းကြေး ငွေကျပ် ၃၀၀၀၀ ပေးနေရသဖြင့် ဒေသခံများ အခက်တွေ့ 
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အရပ်သားတွေကို အလှည့်ကျကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေအနေနဲ့ တအိမ်ငွေကျပ် ၃၀၀၀၀ အထိ ပေးနေရတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။ 

ငပုတောမြို့နယ်က ကျေးရွာတွေမှာ တံခါးတွေလုပ်ထားပြီး အခုလ ၁၉ ရက်ကစတင်ကာ ကျေးရွာအုပ်စု ၁ ခုကို ဂိတ် ၂ ခု လူ ၆ ယောက်က မနက် ၆ နာရီကနေ နောက်နေ့ မနက် ၆ နာရီ အထိ လူချိန်းကာ အလှည့်ကျစနစ်နဲ့ နေ့စဉ် ကင်းစောင့်ပေးနေရတာလို့ ဆိုပါတယ်။ 

“ကျမတို့ ရွာတွေဘက်မှာ ညကင်းစောင့်ရတာရှိလာတယ်။ အုပ်ချုပ်ရေးမှူးတွေက စောင့်ခိုင်းတာ ရပ်ရွာလုံခြုံရေးလို့ ပြောတာပဲ။ စားဖို့ နေ့စား အလုပ်ရှာဖွေနေရလို့ မစောင့်နိုင်ရင် အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံ ၃၀၀၀၀ ပေးရတယ်။ မဖြစ်မနေ ပေးရတာဆိုတော့ ဒီလောက်ဒုက္ခ ရောက်နေကြတာ ဘယ်ပိုက်ဆံပေးနိုင်မလဲ။ အဲတော့ အသက်ကြီးနေတဲ့ သူတွေလည်း မနေရတော့ဘူး ကင်းစောင့်နေရတာ။ တရွာလုံးကတော့ အရမ်းအခက်အခဲတွေ တကယ်ဖြစ်နေပါတယ်” လို့ ကင်းစောင့်ရတဲ့ ငပုတောမြို့နယ် ကျေးရွာတရွာမှ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ငပုတောမြို့နယ်မှာ ဒေသခံအရပ်သားတွေက တကြိမ်ကင်းမစောင့်ရင် ကင်းကြေးငွေကျပ် ၃၀၀၀၀ မပေးနိုင်တဲ့အတွက် ကိုယ်တိုင် ညကင်းစောင့်ပေးနေရပြီး အသက် ၆၀ ကနေ ၇၀ ကျော်အရွယ်ရှိ သက်ကြီးရွယ်အိုတွေပါမကျန် ၃၀၀၀၀ မပေးနိုင်လို့ ကိုယ်တိုင် ညကင်းစောင့်နေရတယ်လို့ ဆိုပါတယ်။ 

“ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအထိ ရွာတံခါးကို ပိတ်ထားပြီး တခါးနားမှာ တညလုံးအချိန်ပြည့် စောင့်ပေးရတာ။ မစောင့်ရင်နေ ပိုက်ဆံပေးရင်ရတယ်လို့ အုပ်ကြီးက ပြောသေးတယ်ဗျ။ ပိုက်ဆံလည်း မပေး၊ ကင်းလည်း မစောင့်ရင် ဖမ်းဆီးပြီး အရေးယူမယ်လို့ ပြောတာ။ အဖမ်းခံရမှာကြောက်လို့ စောင့်ကြတဲ့သူတွေလည်း မနည်းဘူးရှိတယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ 

ငပုတောမြို့နယ်က ကျေးရွာ ၂၀ နီးပါးလောက်မှာ ညကင်း စတင်စောင့်နေရပြီး ၁၀ ရက် တကြိမ် ဒါမှမဟုတ် ၇ ရက်တကြိမ် စစ်ကောင်စီတပ်က ကျေးရွာတွေဘက်မှာ ညကင်းလှည့်ပေးဖို့ ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ 

ငပုတောမြို့နယ်မှာ စစ်မှုထမ်းကိစ္စတွေကို ထဲထဲဝင်ဝင် လုပ်နေတဲ့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေကို တော်လှန်ရေးအဖွဲ့တွေက သတိပေးပြီးနောက် အခုလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ကင်းစောင့်ခိုင်းလာတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013